ပုဂံ ရွှေစည်းခုံဘုရားအနီးတွင် ညဈေး ဖွင့်မည်

ကိုနေကို၊ သြဂုတ်-၂၄

ပုဂံရှေးဟောင်း ယဉ်ကျေးမူနယ်မြေ  ရွှေစည်းခုံဘုရားအနီးတွင် Mobile (ရွေ့လျား) ညဈေးတစ်ဈေး တည်ဆောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်ခိုင်က ပြောသည်။

ရွှေစည်းခုံဘုရား တောင်ဘက်ခြမ်းရှိ ဘုရားပွဲတော် ကျင်းပသော နေရာတွင် ညဈေး ဖွင့်လှစ်မည်ဖြစ်ပြီး အောက်တိုဘာ(၁)ရက် နောက်ဆုံးထား၍ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဦးမြင့်ခိုင်က ပြောသည်။

“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ နိုင်ငံခြားသား ခရီးသွားတွေ အခက်အခဲ မရှိအောင်၊ အဆင်ပြေအောင်လို့ ညဈေးလေး ဖွင့်ဖို့ ကြိုးစားတာပါ။ နိုင်ငံတကာမှာလို မိုဘိုင်းဈေးဖြစ်ဖို့ ကြိုးစားနေတာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ညဈေးတွင် အစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ အဓိကရောင်းချမည်ဖြစ်ပြီး  လက်ရှိတွင် ဆိုင်ခန်းနေရာအတွက် လျှောက်လွှာများ ခေါ်ယူလျှက်ရှိသည်ဟု ဆိုသည်။ ဈေးဆိုင်ဖွင့်ရန် လာရောက်လျှောက်ထားသည့် လျှောက်လွှာအရေအတွက်ပေါ် မူတည်၍ ဆိုင်နေရာ ချထားပေးမည်ဟု ဦးမြင့်ခိုင်က ရှင်းပြသည်။

ယခင်ကလည်း ပုဂံညောင်ဦးဒေသရှိ နိုင်ငံခြားသား ခရီးသွားများ အသွားအလာများသည့်  ရွှေပြည်နန်းလမ်းကြားတွင်  အစားအသောက်များ ရောင်းချသော ညဈေးတစ်ခု ဖွင့်လှစ်ခဲ့ဖူးပြီး အောင်မြင်မှု မရခဲ့ကြောင်း ပုဂံဒေသခံ တစ်ဦးက ပြောသည်။

“ပျံကျဈေးသည်တွေကတော့ လျှောက်ကြမှာပါ။ နိုင်ငံခြား ခရီးသွားတွေ လာလို့ အရောင်းအဝယ် အဆင်ပြေမယ်ဆိုရင်တော့ ကောင်းပါတယ်။ အောင်မြင်အောင် လုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု ၎င်းက ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း ပုဂံဒေသသို့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မူ သိသိသာသာ များပြားလာပြီး တရုတ်စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချမူများလည်း ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ပုဂံဒေသ၌ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ညအချိန် လည်ပတ်သွားလာနိုင်သည့်နေရာ (Night Life) မရှိဘဲဖြစ်နေရာ ရွှေသံလွင်ကုမ္မဏီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အခြေစိုက်  Yunnan Culture Industry Investment Holdings ကုမ္မဏီတို့ ပူးပေါင်း၍ ပုဂံဒေသ၌ ပြဇာတ်ရုံ တည်ဆောက်လုပ်ကိုင်ခွင့်ရရန် ပြီးခဲ့သည့် မတ်လအတွင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)သို့ လာရောက်တွေ့ဆုံ ဆွေးနွေးထားသည်။

ပုဂံ ရွှေစည်းခုံဘုရားအနီး မြင်ကွင်း။ ဓါတ်ပုံ – Maung Tar.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်