မန္တလေး-မူဆယ် အမြန်ရထားလမ်းတွင် ဘူတာ(၃၆)ခု ရှိမည်ဖြစ်ပြီး နေ့စဉ် ကုန်တင်နှင့် လူစီး လျှပ်စစ်ရထားများ ပြေးဆွဲမည်

မူလလျာထားလမ်းကြောင်းတွင် ကွတ်ခိုင်နှင့် သိန္နီမြို့ မပါဝင်သော်လည်း ဒေသခံများ၏ တောင်းဆိုချက်အရ ဘူတာ ထည့်သွင်းဖေါက်လုပ်မည်ဟုဆို

နေကို၊ သြဂုတ်-၁၈

ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် ဖောက်လုပ်မည့် မန္တလေး-မူဆယ် အမြန်ရထားလမ်း စီမံကိန်းတွင် ဘူတာအရေအတွက် (၃၆)ခု ပါဝင်မည်ဖြစ်ပြီး လမ်းကြောင်းတလျှောက်ရှိ မြို့၊ရွာများတွင် ဘူတာများ ထားရှိမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။

မန္တလေးမြို့အနီးတွင် မန္တလေး(တောင်)ဘူတာနှင့် မန္တလေးအရှေ့ခြမ်းဘူတာဟူ၍ ဘူတာအသစ်(၂)ခု တည်ဆောက်မည်ဖြစ်ကာ မန္တလေး(တောင်)ဘူတာကို အမရပူရမြို့နယ် ထုံးဘိုတိုးဂိတ်အနီးနှင့် မန္တလေး(အရှေ့)ဘူတာကို ပုသိမ်ကြီးမြို့နယ်အတွင်း မန္တလေးမြို့ သိပ္ပံလမ်းအနီးတွင် တည်ဆောက်ရန် လျာထားသည်။ ထို့အပြင် ရထားလမ်းကြောင်းတလျှောက်ရှိ မြစ်ငယ်၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာနှင့် မူဆယ်မြို့များတွင် ဘူတာများ တည်ဆောက်မည်ဖြစ်သည်။

ယင်းဘူတာ(၃၆)ခုအနက် ဘူတာ(၁၂)ခုတွင်  လျှပ်စစ်ရထားများ ရပ်နားမည်ဖြစ်ပြီး ကျန်ဘူတာ(၂၄)ခုမှာ ဘူတာအသေးစားများဖြစ်ကာ လျှပ်စစ်ရထား တိမ်ရှာင်ရန်အတွက် အဓိကထားရှိမည်ဖြစ်ကြောင်း မြန်မာ့မီရထားဌာန၊ အထက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းဝင်း ပြောသည်။

“လူစီးရော၊ ကုန်တင်ရော ရထားက Daily (နေ့စဉ်) ပြေးဆွဲမှာပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် အမြန်ရထားလမ်း မူလလျာထားလမ်းကြောင်းတွင် ကွတ်ခိုင်နှင့် သိန္နီမြို့တို့၌ ဘူတာထည့်သွင်း ဆောက်လုပ်ရန် စီစဉ်ထားခြင်း မရှိသော်လည်း အဆိုပါမြို့များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ၏ တောင်းဆိုချက်ကြောင့် ယင်းမြို့နှစ်မြို့တွင်ပါ ဘူတာများ ထည့်သွင်းဖေါက်လုပ်မည်ဟု  ဦးထွန်းဝင်းက ပြောသည်။

မူလလျာထားသည့် အမြန်ရထားလမ်းကြောင်းသည်  လားရှိုးမြို့မှ  နမ့်ဖက်ကာသို့ ဖောက်လုပ်မည်ဖြစ်ပြီး တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာချိန်တွင် သိန္နီနှင့် ကွတ်ခိုင်မြို့မှ ဒေသခံများ၊ မြို့မိမြို့ဖများနှင့် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ၎င်းတို့၏ မြို့များကိုပါ ဖြတ်သန်းဖောက်လုပ်ပေးရန် တောင်းဆိုခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

“ဒါကြောင့် ကွတ်ခိုင်နဲ့ သိန္နီကို ဖြတ်တယ်။ မြေယာနဲ့ အခြား ဆက်စပ်ကိစ္စတွေတော့ ရှိနိုင်တယ်။ အကြမ်းဖျဉ်း ဆိုရရင် အထူးသဖြင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အားကိုးယုံကြည်မှု ရှိကြတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေး – မူဆယ်  အမြန်ရထားလမ်းသည် အရှည်(၂၅၈)မိုင်၊ တံတားကြီးငယ်(၁၂၄)စင်း၊ ရထားလမ်းဥမင် (၆၀)နှင့် ဘူတာ (၃၆)ခု ပါဝင်မည်ဖြစ်သည်။ ၎င်းရထားလမ်းဖောက်လုပ်ပြီးပါက တစ်နာရီမိုင်(၁၀၀)နှုန်း ပြေးဆွဲခုတ်မောင်းနိုင်မည်ဖြစ်ကာ မန္တလေးမှမူဆယ်အထိ ခရီးစဉ်အစအဆုံး ရထားခုတ်မောင်းချိန် (၃)နာရီသာ ကြာမြင့်မည်ဟု  မြန်မာ့မီးရထားဌာန၏ အမြန်ရထားလမ်းစီမံကိန်း ခန့်မှန်းလျာထားချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ အမြန်ရထားလမ်း တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာခြင်း (Feasibility Srudy) လုပ်ငန်းများကို တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co;Ltd(CREEC) ကုမ္ပဏီမှ ယခုနှစ်ဆန်းတွင် ငါးလကြာ လုပ်ဆောင်ခဲ့ပြီး တွေ့ရှိချက်များကို မြန်မာ့မီးရထားဌာနသို့ ပေးပို့ထားသည်။

၎င်း အမြန်ရထားလမ်း ဖောက်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာ့မီးရထားဌာနမှ သုံးသပ်စိစစ်နေဆဲဖြစ်ပြီး လက်ရှိတွင် ကြားနေအဖွဲ့အစည်း (Third Party)တစ်ခုဖြစ်သည့် Ever Green Tech Environmmental Dervvices and Training ကုမ္ပဏီမှ ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍  ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာများ လေ့လာဆန်းစစ်ရန် လျာထားရထားလမ်းတလျှောက်ရှိ မြို့၊ရွာများတွင် လူထုတွေ့ဆုံပွဲများ လုပ်ဆောင်နေကြောင်း မြန်မာ့မီးရထား(မြို့ပြ) ဒုတိယ အထွေထွေ မန်နေဂျာ ဦးဌေးလှိုင်က ရှင်းပြသည်။

“လမ်းအူကြောင်းက လောလောဆယ် အတည်နီးပါး ပေါ့လေ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်မှုဆိုင်ရာ ဆန်းစစ်နေတဲ့ အချိန်မှာ ထွက်ပေါ်လာမယ့် အသံတွေနဲ့ ရှောင်ရမဲ့ နေရာတွေ ရှိရင် ရှောင်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ရထားလမ်း တည်ဆောက်ခြင်းနှင့် ပြေးဆွဲမည့် ရထားများ အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ(၇)ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။ သို့သော် အမြန်ရထားလမ်း စတင်ဖောက်လုပ်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကာ လုပ်ဆောင်ရန် အဆင့်များစွာ ကျန်ရှိနေသေးကြောင်း ဦးဌေးလှိုင်က ပြောသည်။

တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမခေါ် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt & Road Initiative- BRI)ကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီး ယင်း၏ အစိတ်အပိုင်းအဖြစ် တရုတ်-မြန်မာ စီးပွားရေးသြင်္ကန် (China-Myanmar Economic Corridor –CMEC) ကို အကောင်ထည်ဖော်မည်ဖြစ်သည်။

CMEC နှင့်ဆက်စပ်၍ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံမှ အဆိုပြုသည့် စီမံကိန်း(၄၀)ဝန်းကျော်ရှိပြီး ယင်တို့အနက် ကနဦးအနေဖြင့် စီမံကိန်း(၉)ခု အကောင်အထည်ဖော်နိုင်ရန် နှစ်နိုင်ငံ သဘောတူထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဦးမြင့်သူက ပြောကြားထားသည်။

CMEC အောက်တွင် အကောင်ထည်ဖော်ရန် နှစ်နိုင်ငံ ကနဦးသဘောတူထားသည့် စီမံကိန်း(၉)ခုတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုန်များနှင့် မန္တလေး-မူဆယ် အမြန်ရထားလမ်းစီမံကိန်းများ ပါဝင်ပြီး ယခုအခါ မန္တလေး-မူဆယ် အမြန်ရထားလမ်း စတင်ဖောက်လုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

မန္တလေး-မူဆယ် အမြန်ရထားလမ်း ပဏာမ လျာထားလမ်းကြောင်း။ Source – မြန်မာ့မီးရထား။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်