မောင်မင်းမော်၊ သြဂုတ်-၂၆
Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမူအား မန္တလေး မဟာအောင်မြေမြို့နယ် တရားရုံးမှ ပလပ်လိုက်သည့်အပေါ် မကျေနပ်သည့်အတွက် ယနေ့(သြဂုတ်၂၆)တွင် ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်လက်တင်သည်ဟု တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေက ပြောသည်။
“မဟာအောင်မြေမြို့နယ်တရားရုံးက ချလိုက်တဲ့အမိန့်က စွဲချက်မတင်ခင်မှာ အပြီးပြတ် ပြန်လွှတ်လိုက်တဲ့ဟာသည် ဥပဒေအကြောင်းအရ မညီဘူးလို့ယုံကြည်လို့ ဥပဒေပါ အခွင့်အရေးအရ ခရိုင်တက်တာပါ”ဟု တရားလို ဦးကျော်မျိုးရွှေက ပြောသည်။

သတင်းသမား ကိုဆွေဝင်းသည် ဖေ့စ်ဘွတ်ခ်လူမူကွန်ယက် အသုံးပြုကာ ဦးဝီရသူအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သည်ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် ဦးဝီရသူ၏ တပည့် ဦးကျော်မျိုးရွှေက ၂၀၁၇မတ်လတွင် မဟာအောင်မြေမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့သည်။
အဆိုပါ အမူနှင့်ပတ်သက်၍ (၂)နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ပြီးခဲ့သည့်ဇူလိုင်(၂)ရက်တွင် မဟာအောင်မြေမြို့နယ်တရားရုံးမှ အမူကို ပလပ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ မြို့နယ်တရားရုံးမှ အမူပလပ်လိုက်သည့်အတွက် ခရိုင်တရားရုံးသို့ ဆက်လက်၍ ရာဇဝတ်ပြင်ဆင်ချက် တက်ခြင်းဖြစ်ပြီး တရားရုံးမှ လက်ခံ၊မခံ ယနေ့ညနေပိုင်းတွင် သိရမည်ဖြစ်ကြောင်း တရားလို ကိုကျော်မျိုးရွှေ၏ ရှေ့နေ ဦးဇော်ဝိတ်က ပြောသည်။
တရားလို ဦးကျော်မျိုးရွှေနှင့် ရှေ့နေ ဦးဇော်ဝိတ်။ ဓါတ်ပုံ – မင်းမော်။