ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ လာရောက်သည့် ခရီးစဉ်အတွင်း အများပြည်သူတိုင်ကြားစာ (၃၅)စောင်ရှိ၊

တိုင်စာဌာနမဖွင့်သည့် နေရာတွင်ပါ တိုင်ကြားမူများရှိခဲ့ဟုဆို

မောင်မင်းမော်၊ သြဂုတ်-၁၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ နှစ်ရက်တာ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း အများပြည်သူထံမှ တိုင်ကြားစာ (၃၅)စောင် လက်ခံရရှိခဲ့ကြောင်း တိုင်ကြားစာလက်ခံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တိုင်စာလက်ခံဌာနများ ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့တော်ခန်းမတွင် ပြုလုပ်သော ကင်းထောက်လူငယ်များနှင့် တွေ့ဆုံပွဲတွင် တိုင်ကြားစာ(၄)စောင်နှင့်  အာဆီယံ အစားအစာပွဲတော်သို့ တက်ရောက်စဉ် တိုင်ကြားစာ(၂၅)စောင် လက်ခံရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မန္တလေးစက်မှုဇုန် ဓမ္မဗိမာန်တွင် ပြုလုပ်သည့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မူ လုပ်ငန်းများအား သွားရောက်ကြည့်ရှု့အားပေးချိန်တွင်လည်း တိုင်ကြားစာ(၆)စောင် လာရောက်တိုင်ကြားမူ ရှိခဲ့သည်ဟု ဆိုသည်။ စက်မူဇုန်ဓမ္မဗိမာန်တွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် တိုင်ကြားစာ လက်ခံဌာန ဖွင့်လှစ်ထားခြင်း မရှိသော်လည်း အများပြည်သူမှ တိုင်ကြားစာ ပေးပို့မူများ ရှိခဲ့သည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

သို့သော် တိုင်ကြားစာများမှာ စာအိတ်ပိတ်များ ဖြစ်သည့်အတွက် မည်သည့်အကြောင်းအရာများ ဖြစ်သည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ဇီးအုပ်ကွက်သစ်အပိုင်းက နေအိမ်တွေကို ကျူးကျော်ဆိုပြီး  ဖျက်သိမ်းနေတဲ့အပေါ် အသနားခံစာ တင်ခဲ့ပါတယ်”ဟု စက်မူဇုန်ဓမ္မဗိမာန်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန်တွင် ကိုယ်တိုင်သွားရောက်ကာ တိုင်ကြားစာပို့ခဲ့သည့် ဇီးအုပ်ကွက်သစ်မှ ရပ်မိရပ်ဖ ဦးကျော်စွာက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  သြဂုတ်(၁၆)နှင့် (၁၇)ရက်တို့တွင် မန္တလေးမြို့သို့ လာရောက်ခဲ့ပြီး နှစ်ရက်တာခရီးစဉ်အတွင်း ကင်းထောက်လူငယ်များ တွေ့ဆုံပွဲ၊ မန္တလေးမြို့ခံ စာရေးဆရာများနှင့်တွေ့ဆုံပွဲနှင့် အာဆီယံအစားအစာပွဲတော်တို့ကို တက်ရောက်ခဲ့သသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ရွေးကောက်ပွဲမတိုင်မီက ၎င်းတည်းခိုနေထိုင်ခဲ့သည့် မန္တလေးမြို့ ၈၁လမ်းပေါ်ရှိ ငွေနှင်းဖြူလက်ဖက်ပွဲရုံသို့ သွားရောက်လည်ပါတ်ခဲ့သလို၊ မန္တလေးတောင်တော်၊ မန္တလေးအနုပညာအထက်တန်းကျောင်း (ပန်တျာကျောင်း)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အမျိုးသားကျန်းမာရေးကွန်ရက် အခမဲ့နယ်လှည့် ဆေးကုသရေးအဖွဲ့မှ မန္တလေးစက်မူဇုန် ဓမ္မဗိမာန်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမူများကို သွားရောက်ကြည့်ရှု့အားပေးခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်(၂)ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မန္တလေးမြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း မန္တလေးနှင့် မတ္တရာမြို့ ဒေသခံများမှ မြေယာကိစ္စနှင့်ပတ်သက်သည့် တိုင်ကြားစာ(၆)စောင် ရှိခဲ့သည်။

မန္တလေးကွန်ဗင်ရှင်းစင်တာ (MCC)တွင် ဖွင့်လှစ်ထားသည့် တိုင်စာလက်ခံဌာန။ ဓါတ်ပုံ – မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်