မန္တလေးမြို့ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ခွဲစိတ်ကုသမူ ခံယူသည့် သတ္တမတန်းကျောင်းသူတစ်ဦး သေဆုံး

ထက်အောင်၊ သြဂုတ်-၂၁

မန္တလေးမြို့ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် ခွဲစိတ်ကုသမူ ခံယူသည့် သတ္တမတန်းကျောင်းသူတစ်ဦး သေဆုံးမူ သြဂုတ်(၁၈)ရက်က ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ ၈၇လမ်းနှင့် ၈၈လမ်းကြား၊ ၁၇လမ်းနေ သတ္တမတန်းကျောင်းသူတစ်ဦးသည် ရင်သားတွင် အကြိတ်တွေ့သည့်အတွက် ပုဂ္ဂလိက ဆေးရုံတစ်ရုံသို့ တက်ရောက်ကုသခဲ့ပြီး သြဂုတ်(၁၈)ရက် နံနက်(၆)နာရီတွင် ခွဲစိတ်ခန်းဝင်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိဘများက ပြောသည်။

 “ဟုတ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့လည်း အကုန်ပြောပါမယ်”ဟု သေဆုံးသူ သတ္တမတန်းကျောင်းသူ၏မိခင် ဒေါ်ဖြိုးဖြိုးသွယ်က Mandalay In-depth News သို့ ပြောသည်။

သတ္တမတန်းကျောင်းသူ ခွဲစိတ်ကုသမူ ခံယူစဉ် သေဆုံးခဲ့မူနှင့်ပတ်သက်၍ ဆေးရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မူ မရခဲ့ဟု ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လိုက်ပါကူညီနေသူ ကိုသားညီက သြဂုတ်(၂၁)ရက်ညပိုင်းတွင် ပြောသည်။

“ခုပဲ သူတို့ဘက်က ခေါ်လို့ သွားတွေ့ပြီး ပြန်လာတယ်။ ညှိုနှိုင်းမှုက ဘယ်လိုမှ မပြေလည်ဘူး။ အဲတာကြောင့်  ကလေးမိဘတွေက ဒီရက်ပိုင်းအတွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်”ဟု ကိုသားညီက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပန်းလှိုင်စီလုံဆေးရုံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဆေးကုသရေးအဖွဲ့က သြဂုတ်(၂၁)ရက် ညနေပိုင်းတွင် ထောက်ထားစာနာမှု၊ ဝမ်းနည်းမှုများနှင့် အတူဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ပန်းလှိုင်စီလုံဆေးရုံ (မန္တလေး)တွင် ခွဲစိတ်ကုသမှုပြုလုပ်နေစဉ်အတွင်း မမျှော်လင့်သော ဆေးကုသမှုဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ၎င်းဖြစ်စဉ်သည် ကြိုတင်မသိမြင်နိုင်သော၊ ကာကွယ်၍မရနိုင်သည့် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဆေးကုသမှုဆိုင်ရာ ဆရာဝန်၊ ဆရာမများမှ လိုအပ်သော ဆေးကုသရေးဆိုင်ရာ လုပ်ဆောင်ချက်အဆင့်ဆင့်ကို အစွမ်းကုန် လုပ်ဆောင်ပေးခဲ့သော်လည်း မမျှော်လင့်ထားသော ရလဒ်ကို ရရှိခဲ့ပါသည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆေးပညာကုသမှု အဆင့်ဆင့်အပေါ် ၎င်းတို့၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်များ ရယူခဲ့ပါသည်။ ဆေးကုသမှုဆိုင်ရာ ရောဂါလိုအပ်ချက်အရ ခွဲစိတ်ခဲ့ပြီး ကုသမှုအဆင့်ဆင့်ကိုလည်း ဆေးပညာဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကုသမှုအဖွဲ့မှ လုပ်ဆောင်ပေးခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်”ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် “၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများနှင့် သတင်းမီဒီယာများတွင် ရေးသားဖော်ပြနေမှုများ အား ဆေးရုံအနေဖြင့် ဆေးကုသမှုဆိုင်ရာနှင့် လူနာ၏အချက်အလက်များကို စောင့်ထိန်းအပ်သော ကျင့်ဝတ်အရ လူမှုကွန်ယက် များပေါ်တွင် တစုံတရာ ပြန်လည်ဖြေရှင်းခြင်းပြုလုပ်မည် မဟုတ်ပါ။ လူမှုကွန်ယက်များတွင်လည်း မှန်ကန် ပြည့်စုံ ခိုင်မာမှုမရှိဘဲ ရေးသားဖော်ပြနေခြင်းများကိုလည်း မပြုလုပ်ရန် တိုက်တွန်းအပ်ပါသည်။ ထိုသို့ ရေးသားဖေါ်ပြမှုများကို ဆက်လက်လုပ်ဆောင်နေပါက တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်”ဟု ပန်းလှိုင်စီလုံဆေးရုံ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပါတ်သက်၍ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးရုံ၏ ထုတ်ပြန်ချက်အတိုင်းဖြစ်ပြီး ထပ်မံဖြေကြားစရာ မရှိကြောင်း ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

“လုပ်သင့်လုပ်ထိုက်တာ လုပ်ပေးပြီးဖြစ်ပါတယ်။ တခြားဖြေရှင်းစရာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ခွဲစိတ်ကုသစဉ် သေဆုံးခဲ့သည့် သတ္တမတန်းကျောင်းသူ၏ နာရေးကို သြဂုတ်(၂၀)ရက်က မန္တလေး အေးရိပ်ငြိမ်သုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။

ဓါတ်ပုံ – Thar Nyi FB, Pun Hlaing Siloam Hospital Mandalay -M73 FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်