ရေတံခွန်တောင် စီမံကိန်း ပဋိပက္ခ နှစ်ဖက်လုံးမှ အမူဖွင့် ၊ ဓါးခုတ်ခံရသူအမျိုးသမီးက နာကျင်စေမူဖြင့် အမူဖွင့်ပြီး ရဲကလည်း ရေကြည်ရွာသား(၁၀၀)ခန့်ကို တာဝန်ဝတ္တရားနှောင့်ယှက်မူအပါအဝင် ပုဒ်မ (၆)ခုဖြင့် အမူဖွင့်

မောင်မင်းမော်၊ သြဂုတ်-၂၆

မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်းအတွက် ခြံဝန်းခတ်ရာမှ သြဂုတ်(၂၅)ရက်က ရဲတပ်ဖွဲ့၊စည်ပင်သာယာနှင့် ကုမ္မဏီတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားခဲ့ရာ နှစ်ဖက်လုံးက ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် အမူဖွင့်ထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ရေကြည်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦး မျက်နှာတွင် ဓါးခုတ်ခံခဲ့ရသည်ဟုဆိုကာ ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူက တရားလိုလုပ်၍ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမူ) ဖြင့် အမူဖွင့်ခဲ့သည်။ ယင်းအမူနှင့်ပတ်သက်၍ တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ဒုတိယ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ခင်မောင်ထွန်းက တရားလိုလုပ်၍ ဓါးခုတ်ခံရသူ အမျိုးသမီးအပါအဝင် ရေကြည်ရွာဒေသခံ (၁၀၀)ခန့်ကို တာဝန်ဝတ္တရားနှောင့်ယှက်မူ အပါအဝင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၂/၃၃၃/၃၃၆/၂၉၄/၅၀၆/၁၁၄ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင် အမူဖွင့်ခဲ့သည်။ ယင်းအမူနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရေကြည်ရွာဒေသခံများကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သြဂုတ်(၂၅)ရက်က ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း အကောင်အထည်ဖော်ရန် ရဲ၊ စည်ပင်သာယာနှင့် ကုမ္မဏီတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မြေယာများအား ဝန်းခြံခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးသစ်ကုမ္မဏီမှ ငှားရမ်းထားသော အလုပ်သမားများက စီမံကိန်းဧရိယာအဖြစ် ခြံစည်းရိုးများ ကာရံချိန်တွင် ရေကြည်ရွာ ဒေသခံများက ၎င်းတို့၏ ဘိုးဘွားပိုင်မြေဟုဆိုကာ တားဆီးခဲ့သည်။ အဆိုပါ ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံ(၁၀၀)ခန့်က ခဲ၊လေးခွနှင့် ဓါတ်ဆီပုလင်း မီးရှို့ကာ ပစ်ခတ်မူများကြောင့် ရဲတပ်ဖွဲ့ဝင်(၃)ဦးနှင့် ဖွံ့ဖြိုးသစ်ကုမ္မဏီဝန်ထမ်း (၂)ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရဲတပ်ဖွဲ့က သေနတ်(၁၇)ချက် ပစ်ဖောက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ချိန်တွင် ဒေသခံများ ထွက်ပြေးရာ ခလုတ်တိုက်ကာ လဲကျကျန်ခဲ့သည့် ရေကြည်ရွာမှ အသက်(၄၆)နှစ်အရွယ် ဒေသခံအမျိုးသမီးကို အထက်ပါ ရဲ၊စည်ပင်နှင့် ကုမ္မဏီဝန်ထမ်းများ ပူးပေါင်းအဖွဲ့တွင် ပါဝင်သူတစ်ဦးက ဓါးဖြင့် ခုတ်ခဲ့သဖြင့် အမျိုးသမီးတွင် ဂုတ်ပိုးပြတ်ရှဒဏ်ရာ(၃)လက်မခန့်နှင့် ဝဲနားထင်ပြတ်ရှဒဏ်ရာ (၂)လက်မခန့် ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ခြံဝန်းခတ်ချိန် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အထက်ပါ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေ၊ ရေကြည်ရွာ စိုက်ကွင်းရှိ မြေဧက(၅၀၀)ကျော်ပေါ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဖွံ့ဖြိုးသစ်ကုမ္မဏီတို့ ပူးပေါင်း၍ ရေတံခွန်တောင်ဂေါက်ကွင်း အဆင့်မြင့်အိမ်ယာ စီမံကိန်းကို အကောင်အထည်ဖော်လျှက် ရှိသည်။

ယင်းမြေဧက(၅၀၀)ကျော်သည် ရေကြည်ရွာ ဒေသခံများ၏ ဘိုးဘွားပိုင် မြေယာများဖြစ်ပြီး ၁၉၉၇တွင် ရေတံခွန်တောင်ဂေါက်ကွင်း စီမံကိန်းအတွက် သိမ်းယူခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေတံခါန်တောင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများထံ ဆက်သွယ်မးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

လက်ရှိတွင် အဆိုပါ မြေယာများမှာ တစ်ဧကလျှင်ကျပ်သိန်း(၅၀၀၀)ကျော် တန်ကြေးရှိသလို မန္တလေး-မူဆယ် အမြန်ရထားလမ်း ဖောက်လုပ်လျှင်လည်း ယင်းမြေနေရာများအနီးဝန်းကျင်တွင် ဘူတာအသစ် တည်ဆောက်မည်ဖြစ်ရာ အချက်အချာကျသည့် မြေကွက်များ ဖြစ်လာမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ရေတံခွန်တောင်ဂေါက်ကွင်း အိမ်ယာ စီမံကိန်းအတွက် ရဲ၊စည်ပင်နှင့် ဖွံ့ဖြိုးသစ်ကုမ္မဏီ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ ခြံဝန်းကာရံနေစဉ်။ ဓါတ်ပုံ – မင်းမော်၊အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်