ခရီးသွားဧည့်သည်များကိုယ်တိုင် ဆိတ်ကျောင်းခွင့်ရမည့် ခရီးစဉ်သစ် လာမည့်နှစ်ဆန်းတွင် ပုဂံ၌ စတင်မည်

ထက်ဘုန်းခေါင်၊ နိုဝင်ဘာ-၁၈

ပုဂံဒေသတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ ကိုယ်တိုင် ဆိတ်ကျောင်းခွင့်ရမည့် ခရီးစဉ် (Goat Keeping Tour) တစ်ခု  အကောင်အထည်ဖော်မည် ဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် ခရီးစဉ် စတင်ရောင်းချနိုင်ရန် လုပ်ဆောင်နေကြောင်း ဧည့်လမ်းညွှန် ဦးမျိုးမင်းဇော်က ပြောသည်။

နိုင်ငံခြား ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံ ဆိတ်ကျောင်းသူများနှင့်အတူ ပုဂံဒေသ ဘုရားစေတီများကြား လှည့်လည်ဆိတ်ကျောင်းခွင့် ရမည့် ခရီးသွားအစီအစဉ်သစ် တစ်ခုကို ဧည့်လမ်းညွှန် ဦးမျိုးမင်းဇော်က ဦးဆောင်ကာ အထည်အထည် ဖော်မည်ဖြစ်သည်။

ပုဂံဘုရားစေတီများကြား ဆိတ်ကျောင်းနေသူတစ်ဦး။ Photo – MyoMinZaw.

လက်ရှိတွင် ခရီးသွားအစီအစဉ်သစ် စတင်နိုင်ရန် ဒေသခံ ဆိတ်ကျောင်းသူအချို့နှင့် ညှိနှိုင်းစကားပြောဆိုထားပြီး လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်လျှက်ရှိကာ ဒီဇင်ဘာတွင် စမ်းသပ်လုပ်ကိုင်မည်ဟု ဦးမျိုးမင်းဇော်က ပြောသည်။

“ခရီးစဉ်ကို ရောင်းချတာတွေ မလုပ်ခင် ဒီဇင်ဘာမှာ ကျွန်တော့် ဧည့်သည်တွေနဲ့ပဲ အစမ်းစကြည့်မယ်။ အဲဒီကနေမှ ခရီးစဉ်ကို လိုအပ်တာ ပြန်ပြင်ပြီး ပုံတွေထုတ်ပြီး တစ်လပိုင်းလောက်မှာ မိတ်ဆက်မယ်။ ဈေးနှုန်းသတ်မှတ်မယ်။ ပြီးတော့မှ နှစ်လပိုင်းလောက်မှာ ရောင်းမယ်” ဟု ၎င်းက ဆိုသည်။

ပုဂံဘုရားစေတီများကြား ဆိတ်ကျောင်းနေသူတစ်ဦး။ Photo – MyoMinZaw.

ဆိတ်ကျောင်းရာသို့ လိုက်ပါမည့် နိုင်ငံခြားသားများအတွက် ဆိတ်အကြောင်း နားလည်စေရန် လမ်းညွှန်စာရွက် ထုတ်ပေးခြင်း၊ သစ်ပင်မျိုးစေ့များ ထည့်ထားသော လောက်စာလုံးများဖြင့် လေးခွပစ်လေ့ကျင့်ရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်စေမည်ဟု ဆိုသည်။

အဆိုပါ ဆိတ်ကျောင်းခရီးစဉ်ကို ဒေသခံ ဆိတ်မွေး၊ ဆိတ်ကျောင်းသူများ အပိုဝင်ငွေရရှိစေရန်နှင့် ခရီးသွားကဏ္ဍ တိုးတက်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး ခရီးစဉ်မှ ရရှိသည့် အကျိုးအမြတ်၏ (၇၀)ရာခိုင်နှုန်းကို ပါဝင်သည့် ဒေသခံများအား ခွဲဝေပေးမည်ဟု ၎င်းက ဆိုသည်။

“ခရီးသွားကုမ္ပဏီတွေနဲ့ စကားပြောပြီးတဲ့အခါ သူတို့ကတော့ ခရီးစဉ်ကို မြန်မြန် စချင်နေပြီ။ ကျွန်တော့်အနေနဲ့က ဧည့်သည်တွေအတွက် အန္တရာယ်မရှိအောင်လည်း စီစဉ်ရမှာလေးတွေနဲ့ သေသေချာချာ ပြင်ဆင်နေတာ။ ဒေသခံ ဆိတ်ကျောင်းသမားတွေ အတွက်လည်း အကျိုးရှိအောင် စနစ်တကျ လုပ်ဆောင်နေပါတယ်” ဟု ဦးမျိုးမင်းဇော်က ပြောသည်။

ပုဂံဘုရားစေတီများကြား ဆိတ်ကျောင်းနေသူတစ်ဦး။ Photo – MyoMinZaw.

ဆိတ်ကျောင်းရာတွင် နိုင်ငံခြားသား ဧည့်သည်များကိုယ်တိုင် လိုက်ပါနိုင်မည်ဆိုသည်မှာ စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခုဖြစ်သည့်အပြင် ဒေသခံများအတွက်လည်း ဝင်ငွေပိုတိုးစေနိုင်ကြောင်း မန္တလေးဧည့်လမ်းညွှန်များအသင်း ဥက္ကဌ ဦးဝင်းဇော်ဦးက ပြောသည်။

“ဒီလိုခရီးစဉ်မျိုးတွေက လိုအပ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည်လည်း စိတ်ဝင်စားမယ်၊ ဒေသခံ ဆိတ်ကျောင်းသမားတွေအတွက် ပိုက်ဆံရတာက တကယ်ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုပါ” ဟု ဦးဝင်းဇော်ဦးက ပြောသည်။

ပုဂံဘုရားစေတီများကြား ဆိတ်ကျောင်းနေသူတစ်ဦး။ Photo – MyoMinZaw.

နိုင်ငံတကာတွင် ခရီးသွားဧည့်သည်များ ကိုယ်တိုင် ပါဝင်လုပ်ကိုင်ခွင့် ရသည့် စိတ်ဝင်စားစရာ ခရီးသွားအစီအစဉ် အများအပြား ဖော်ထုတ်လုပ်ကိုင်လျှက် ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ခရီးသွားဧည့်သည် ကိုယ်တိုင် ပါဝင်ခွင့်ရသည့် ခရီးစဉ် အလွန်နည်းပါးနေသေးကြောင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ပြောသည်။

ပုဂံဘုရားစေတီများကြား ဆိတ်ကျောင်းနေသူတစ်ဦး။ Photo – MyoMinZaw.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်