မန္တလေးမြို့ မင်္ဂလာမန္တလေးရှိ အများသုံးအိမ်သာတွင် (၈)တန်းကျောင်းသား တစ်ဦးကို အမည်မသိသူ (၁၀)ဦးခန့်မှ ဓါးဖြင့်ဝိုင်းခုတ်

ကျောင်းသား၏ ဖခင်က အမှုဖွင့်ထားပြီး ကျူးလွန်သူများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

အမ်တီ၊ အောက်တိုဘာ-၁၉

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေးအိမ်ရာ စီမံကိန်း ဝင်းအတွင်းရှိ အများသုံးအိမ်သာတွင် (၈)တန်းကျောင်းသား တစ်ဦးကို အမည်မသိသူ(၁၀)ဦးမှ ဓါးဖြင့်ဝိုင်းခုတ်မှု အောက်တိုဘာ(၁၈)ရက်က ဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၁)ရဲစခန်းမှ သတင်းရရှိသည်။

အောက်တိုဘာ(၁၈)ရက် နံနက်(၁၁)နာရီခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး၊ ငုရွှေဝါလမ်းနှင့် မင်္ဂလာ (၃)လမ်းကြား၊ Blue Diamond လမ်းရှိ အများသုံးအိမ်သာတွင် အသက်(၁၄)နှစ်အရွယ် (၈)တန်းကျောင်းသား တစ်ဦးကို အမည်မသိလူ (၁၀)ဦးခန့်မှ ဓားဖြင့် ဝိုင်းခုတ်ခဲ့ခြင်း ဖြစ်ပြီး ခြေ၊လက်၊ ပခုံးနှင့် ဆီးခုံအနီးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဓါးခုတ်ခံရမှုနှင့် ပတ်သက်၍ ကျောင်းသား၏ ဖခင်က ရဲစခန်းတွင် အမှုဖွင့်ထားပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆/၁၁၄ (အပြင်းအထန် နာကျင်စေမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းလုပ်ဆောင်နေကြောင်း ၎င်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် အများသုံးအိမ်သာ။ Photo – MT (Mandalay In-depth News)

အများသုံးအိမ်သာအတွင်း အုပ်စုလိုက် ရန်ပြုတိုက်ခိုက်ခဲ့သော်လည်း နှစ်ဆယ့်လေးနာရီကျော်ကြာချိန်အထိ ကျူးလွန်သူ တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးနိုင်မူ မရှိသေးသည့်အပေါ် အားမရဖြစ်မိကြောင်း ယင်းအမှုနှင့်ပတ်သက်၍ ဓါးခုတ်ခံရသည့် ကျောင်းသားဘက်မှ လိုက်ပါကူညီပေးနေသူ မန္တလေးမြို့ခံ ကိုသိန်းအောင်မြင့်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းကလည်း လူငယ်(၁၁)ဦးက မင်္ဂလာမန္တလေး ကားပါကင်ရှိ CCTV ကင်မရာများကို ဖျက်ဆီးခြင်း၊ ကားပါကင် ပထမအထပ်ရှိ ကားပါကင်စောင့်သူ အမျိုးသားကို ဓါးဖြင့်ထိုးခြင်းနှင့် ကျောင်းသား(၄)ဦးကို ဝိုင်းဝန်းထိုးကြိတ်ခြင်းများ ဖြစ်ပွားခဲ့သေးသည်။

အခင်းဖြစ်ပွားခဲ့သည့် အများအိမ်သာ။ Photo – MT.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်