အချုပ်သားသေဆုံးပြီး ရက်(၅၀)အကြာတွင် ရဲက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ပြီး အိုးဘိုထောင်မှ အကျဉ်းဦးစီးဌာန ဝန်ထမ်း(၆)ဦးကိုလည်း အရေးယူထားဟုဆို
ကိုနေကို၊ သြဂုတ်-၂၄
မန္တလေးမြို့ ဗဟိုအကျဉ်းထောင်(အိုးဘို)အတွင်း အချုပ်ကျခံနေရသူ အောင်သပြေရွာသား ကိုထွန်း(ခ)ထွန်းမြင့်ဝင်း သေဆုံးမှုခဲ့မူသည် ရဲနှင့် ထောင်ဝန်ထမ်းများ၏ ညှဉ်းပန်းနှိပ်စက်မူကြောင့် မဟုတ်ဘဲ အကျဉ်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ရိုက်နှက်ထိုးကြိတ်ခံရသော ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှုး ရဲမှုးကြီး ကိုကိုလွင် က ပြောသည်။
မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံစီမံကိန်းအား ကန့်ကွက်ဆန္ဒပြမူများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာသား ကိုထွန်း(ခ)ထွန်းမြင့်ဝင်းမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး (၃)ရက်အကြာ ဇူလိုင်(၅)ရက်နေ့တွင် အိုးဘိုထောင်တွင်း ဆေးရုံ၌ သေဆုံးခဲ့ပြီး အငြင်းပွားဖွယ်ရာများ ရှိခဲ့သည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ အချုပ်သား ကိုထွန်း(ခ)ထွန်းမြင့်ဝင်း သေဆုံးမှု ဖြစ်စဉ် နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဓါတ်ပုံ – နေကို။
အိုးဘိုထောင်အတွင်း အချုပ်သား ကိုထွန်း(ခ)ထွန်းမြင့်ဝင် သေဆုံးခဲ့မူနှင့်ပတ်သက်၍ ရက်ပေါင်း(၅၀)အကြာ သြဂုတ်(၂၄)ရက်တွင် မန္တလေးတိုင်းရဲတပ်ဖွဲ့က တိုင်းရဲတပ်ဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
“ဒီဖြစ်စဉ် စစ်ဆေးပေါ်ပေါက်ချက်အရ ရဲတပ်ဖွဲ့ဝင်တွေ၊ အကျဉ်းဦးစီးဌာ ဝန်ထမ်းတွေအနေနဲ့ သေဆုံးသူ ထွန်းမြင့်ဝင်းကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ကျူးလွန်မှု လုံးဝ မရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲဖွဲ့မှူး၊ ရဲမှုးကြီး ကိုကိုလွင်က ပြောသည်။
အချုပ်သား ကိုထွန်းသေဆုံးမူ ဖြစ်စဉ်အကျဉ်း။
အချုပ်သား ကိုထွန်း(ခ)ထွန်းမြင့်ဝင်းမှာ အိုးဘိုထောင်မှ အကျဉ်းသား မြတ်ကိုဦး၏ ထိုးကြိတ်ကန်ကျောက် ခံရမူကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အကျဉ်းသား မြတ်ကိုဦး ကိုယ်တိုင်က သြဂုတ်(၁၉)ရက်တွင် အောင်မြေသာစံမြို့နယ် တရားရုံး၌ ဖြောင့်ချက်ပေးပြီးဖြစ်သည်ဟု ရဲမှူးကြီးကိုကိုလွင်က ပြောသည်။
အကျဉ်းသား မြတ်ကိုဦးဆိုသူမှာ မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ်(၁၅)နှစ် ပြစ်ဒဏ် ကျခံနေရသူဖြစ်ကာ အိုးဘိုထောင် အိပ်ဆောင်(၃)၊ အခန်း(၄)၏ စည်းကမ်းထိန်းသိမ်းရေး တာဝန်ကျ အကျဉ်းသားဖြစ်သည်ဟု ရဲမှုးကြီး ကိုကိုလွင်က ရှင်းပြသည်။
ကိုထွန်း(ခ)ထွန်းမြင့်ဝင်း၏ နာရေး
အိုးဘိုထောင်အတွင်း အချုပ်သား ကိုထွန်း(ခ)ထွန်းမြင့်ဝင်း သေဆုံးမူနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ပြောကြားရာတွင် ဇူလိုင်(၄)ရက် နေ့လည်(၁၂)နာရီ (ဝန်းကျင်)က အိုးဘိုအကျဉ်းထောင် အခန်းအတွင်း ထွန်းမြင့်ဝင်းသည် အရက်ကြောင့် စိတ်ကစဉ့်ကလျား ဖြစ်နေစဉ် စည်းကမ်းထိန်းသိမ်းရေး အကျဉ်းသား မြတ်ကိုဦးမှ လက်ဖြင့် အရူးပုံစံ သင်္ကေတပြုလုပ်၍ စနောက်ခဲ့ကြောင်း၊ ထို့အတွက် ထွန်းမြင့်ဝင်းက နောက်မှလိုက်ထိုးခဲ့ရာ မြတ်ကိုဦးက ထွန်းမြင့်ဝင်း၏ လက်နှစ်ဖက်ကို ချုပ်၍ လည်ပင်းကို ချိုင်းကြားတွင် ညပ်ကာ ခေါင်းကိုလက်သီးဖြင့်ထိုး၍ ရင်ဘက်ကို ဒူးဖြင့် တိုက်ခဲ့ကြောင်း၊ မြတ်ကိုဦးသည် သူ၏ အိပ်ရာဘေးရှိ နှစ်ပေခန့်အရှည် တုတ်ကျိုးသည်အထိ ရိုက်နှက်ခဲ့သလို ပိုက်ပျော့နှစ်လုံး ပူးချည်ထားသည့် နှစ်ပေခန့်အရှည် ပိုက်ဖြင့်လည်း ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
“ချိုင်းကြားမှာ ခန္ဒာကိုယ်နဲ့ ညှစ်ထားလို့ လည်ပင်းမှာ ဒဏ်ရာရတယ်။ သွေးခြေဥ ဒဏ်ရာရတယ်။ ဦးနှောက်ထဲကို သွေးရောက်သေဆုံးတာ ဖြစ်တယ်။ သေဆုံးတဲ့ ထွန်းမြင့်ဝင်း က လူကခပ်သေးသေး မြတ်ကိုဦးက ဗလ ခပ်တောင့်တောင့် အရွယ်ချင်းလည်း မမျှပါဘူး”ဟု ကိုထွန်း(ခ)ထွန်းမြင့်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ အထူး အမှုစစ်အဖွဲ့ ခေါင်းဆောင် အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲမှုး(ခေတ္တ) ရဲမှုး စိုးအောင် ပြောသည်။
ကိုထွန်း(ခ)ထွန်းမြင့်ဝင်း၏ မိခင်။ ဓါတ်ပုံ – ကိုတီဂျေ
ကိုထွန်း(ခ)ထွန်မြင့်ဝင်းကို အောင်သပြေကျေးရွာအနီးရှိ Alpha ဘိလပ်မြေ စက်ရုံ မီးရှို့မှုဖြင့် ဇွန်(၂)ရက်တွင် ဖမ်းဆီးခဲ့ပြီး ဇွန်(၃)ရက်တွင် တရားရုံး၌ ချုပ်ရမန်ယူ၍ ညနေပိုင်းတွင် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရာ အကျဉ်းထောင်ဝန်ထမ်းများက ပြင်ပ ဒဏ်ရာရှိ၊မရှိ စစ်ဆေး၍ အဆောင်(၃)၊ အခန်း(၄)တွင် ထားရှိခဲ့ကြောင်း ရဲမှုးကြီး ကိုကိုလွင်က ပြောသည်။
အကျဉ်းထောင်သို့ ပို့ဆောင်သည့် ဇွန်(၃)ရက် ည(၉)နာရီတွင် အရက်ကြောင့် စိတ်ကစဉ့်ကလျား ဖြစ်ခဲ့ပြီး တညလုံး ပတ်ပြေးနေခြင်း၊ အခန်းတံခါးမကြီး သံတိုင်များကို ဆွဲကိုင်လှုပ်ရမ်းနေသောကြောင့် အခန်းတွင်းရှိ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ထိန်းသိမ်းခဲ့ရကြောင်း ရဲမှုးကြီး ကိုကိုလွင်က ပြောသည်။
ဇွန်(၅)ရက်တွင် အိုးဘိုထောင်ဆေးရုံ၌ အချုပ်သား ကိုထွန်း သေဆုံးခဲ့ရာ ကနဦးတွင် ရဲတပ်ဖွဲ့က သေမူသေခင်းအဖြစ်သာ အမူဖွင့်ခဲ့သည်။ အောင်မြေသာစံမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီး(၂) ဒေါ်ခင်မျိုးသင်း၏ ကြီးကြပ်မူဖြင့် အလောင်းကို စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မတွေ့ရှိကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြခဲ့သလို အိုးဘိုထောင်ပိုင် ဦးချိုဝင်းထွန်းကလည်း အချုပ်သားကိုထွန်းမှာ ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ ထောင်ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇွန်(၆)ရက်တွင် Mandalay In-depth News သို့ ပြောကြားခဲ့သည်။
သေဆုံးသူ၏ မိသားစုဝင်များကမူ အလောင်းတွင် ဒဏ်ရာများ တွေ့ရှိကြောင်း ပြောကြားခဲ့သည်။ ဇွန်လ(၇)ရက်တွင် သေဆုံးသူ ကိုထွန်း၏ နာရေးကို အောင်သပြေကျေးရွာတွင် သြင်္ဂိုဟ်ခဲ့ပြီး ယင်းနေ့တွင်ပင် အိုးဘိုထောင်အတွင်း အချုပ်သားသေဆုံးမူ အဖြစ်မှန်ပေါ်ပေါက်ရေး ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ တချိန်ထဲမှာပင် ဇွန်(၁၂)ရက်တွင် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှာ ရဲစခန်းဝင်းအတွင်းရှိ အိပ်ခန်းအတွင်း သေဆုံးခဲ့သည်။
အချုပ်သားသေဆုံးပြီး တစ်လအကြာ ဇူလိုင်(၅)ရက်တွင်မူ အလောင်းစစ်ဆေးချက် ဆေးစာအရဟုဆိုကာ ရဲတပ်ဖွဲ့က သေမူသေခင်းမှ လူသတ်မူအဖြစ် ပြောင်းလဲအမူဖွင့်ခဲ့သည်။
ထို့နောက် အချုပ်သားသေဆုံးမူနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ဇူလိုင်(၇)ရက်တွင် အကျဉ်းဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခြင်းမရှိဘဲ မန္တလေးတိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်း ခေါင်းဆောင်သော အဖွဲ့ဝင်(၆)ဦးပါ စစ်ဆေးရေးအဖွဲ့ကို တိုင်းအစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သလို မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့်လည်း အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲမှုး ရဲမှုး စိုးအောင် ဦးဆောင်သည့် အထူးအမှုစစ်အဖွဲ့ကို တာဝန်ပေးအပ်၍ အမှုမှန် ပေါ်ပေါက်ရေး စစ်ဆေးဖေါ်ထုတ်စေခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ တာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် အချုပ်သား ထွန်းမြင့်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ အိုးဘိုအကျဉ်းထောင် အိပ်ဆောင် (၃) တာဝန်ခံ ဒုတိယ ကြီးကြပ်ရေးမှုး မြင့်ရှိန် အပါအဝင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း(၆)ဦးကို ဌာနတွင်း စစ်ဆေး၍ အရေးယူအပြစ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမူများနှင့် ဆက်စပ်၍ မေ(၁၅)ရက်က ရဲနှင့် ဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ်။ ဓါတ်ပုံ – မင်းမော်
အကျဉ်းထောင်အတွင်း တားမြစ်ထားသော လက်နက်ကိရိယာများ ကိုင်ဆောင်ခွင့် မပြုရန် တားမြစ်ချက်အား လစ်လျူရှုခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်နေသော အကျဉ်းသားအား သီးခြားခွဲထားရန် ညွှန်ကြားချက်ကို လိုက်နာမှု မရှိခြင်း၊ ထိုးကြိတ်ရိုက်နှက်သည်ကို အချိန်မှီ ထိန်းသိမ်းရန် အားနည်ခြင်းတို့ကြောင့် အထက်ပါ အကျဉ်းဦးစီးဌာန ဝန်ထမ်း(၆)ဦးကို အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။
အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် Alpha ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံအချို့က ကန့်ကွက်လျှက်ရှိပြီး အဆိုပါ ကန့်ကွက်ဆန္ဒပြမူများနှင့် ဆက်စပ်၍ အောင်သပြေကျေးရွာ ဒေသခံ(၅၀)ဦးထက်မနည်း အမူဖွင့်တရားစွဲခံထားရသည်။