တရုတ်သံအမတ်သစ်နှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ၊

နှစ်နိုင်ငံချစ်ကြည်ရေး၊ စီးပွားရေးစြင်္ကန်ကိစ္စ၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးဟု တိုင်းအစိုးရထုတ်ပြန်

ပါရမီဆန်း၊ စက်တင်ဘာ-၂၄

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ(၂၃)ရက်က မန္တလေးမြို့သို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များသည် တရုတ်နိုင်ငံ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့အား တိုင်းအစိုးရအဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမူ ခိုင်မာရေး၊ နှစ်နိုင်ငံ စီးပွားရေးစြင်္ကန်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ကုန်သွယ်မူနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၊ ငြိမ်းချမ်းရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

Mr. Chen Hai သည် ပြီးခဲ့သည့် ဇွန်လဆန်းကမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးစဉ် မြန်မာပြည်သို့ လာရောက်သော တရုတ်ခရီးသွား ဇီးရိုး ဘက်ဂျက်တိုးများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆင်ခြင်ရန်အတွက်လည်း ပြောကြားခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းလွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဦးဆောင်သော အဖွဲ့တို့ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - Mandalay Region Gov . mm .

မန္တလေးတိုင်းသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ဒေသဖြစ်သလို တရုတ်နိုင်ငံမှ အကောင်အထည်ဖော်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အောက်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးစြင်္ကန် (CMEC)တွင်လည်း မန္တလေးမှာ အချက်အချာကျသည်။ လက်ရှိတွင် CMEC အောက်ရှိ စီမံကိန်းများအနက် မန္တလေး-မူဆယ် အမြန်ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်လျှက်ရှိသည်။

“စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တာဝန်ယူ၊ တာဝန်ခံမူ ရှိဖို့၊ အနာဂါတ်မှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စတွေမှာ Level တူ ဖြစ်ဖို့အတွက် လာခြင်းကောင်းသော ခရီးဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲ့လို မဟုတ်ဘဲ စီးပွားရေးသဘောဆောင်တဲ့ လာခြင်းမျိုး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် လာတာမျိုး ဖြစ်မှာတော့ စိုးရိမ်တယ်” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသူ မန္တလေးမြို့ခံ ဦးမောင်မောင်ဦး (စိမ်းရောင်စို)က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်အစိုးရ၏ စီမံကိန်းများ အကောင်အထည်ဖော်သလို တရုတ်လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ အများအပြားတည်ရှိရာ ထို့အတွက် လာရောက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် Mr. Chen Hai သည် သံအမတ်အဖြစ် ခန့်အပ်ခံရပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များနက် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်သည်။

တရုတ်သံအမတ်ကြီး မန္တလေးသို့ လာရောက်ချိန်မှာ မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံသား ဝင်ရောက်နေထိုင်မူ စိစစ်ရေးကိစ္စများ၊ CHINA Today မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဓါတ်ပုံအပေါ် မန္တလေးမြို့ခံအချို့က ကန့်ကွက်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်