ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းနှင့် တကောင်းတွင် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

ပါရမီဆန်း၊ နိုဝင်ဘာ-၂၉

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်း၊ ကြာညှပ်စသည့် မြို့ရွာများတွင် လူနေအိမ်၊ စာသင်ကျောင်းနှင့် သာသနိကအဆောက်အဦး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ သတင်းရရှိသည်။

ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့နယ်ခွဲအတွင်းရှိ ကြာညှပ်၊ မြင်သာ၊ ရွှေစကား၊ ဒေါင်းမုန်းနှင့် ဝါးရုံကုန်း စသည့် ကျေးရွာ ငါးရွာတွင် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကာ ကြာညှပ်ကျေးရွာ အထက်တန်းကျောင်း အုတ်တံတိုင်း အခန်း(၅၀) ပြိုကျပျက်စီးခဲ့သည်။ ထို့အပြင် ကြာညှပ်ကျေးရွာ ရွှေစည်းခုံ ဘုန်းကြီးကျောင်း အုတ်တံတိုင်း (၁၀)ခန်း ပြိုကျခြင်းနှင့် ကျောင်းဆောက် အက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့သလို ဘုရားထီးတော် မြေခခြင်းများ ဖြစ်ပွားခဲ့သည်ဟု  သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လူ၊ တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး။ ထမင်းစားနေချိန် မျက်နှာကြက်ပြိုကျမျိုးတွေတော့ ရှိတယ်လို့ ကြားတယ်။ လောလောဆယ် ကွင်းဆင်းစစ်ဆေးနေဆဲပါ”ဟု သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။

ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Photo – supply.

ငလျင်ဒဏ်ကြောင့် ကြာညှပ်ကျေးရွာတွင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သည့်အတွက် သွားရောက်စစ်ဆေးနေကြောင်း သပိတ်ကျင်းမြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိုးလွင်က Mandalay In-depth news သို့ ပြောသည်။

“ကြာညှပ်က အဆောင်နေ ကျောင်းသူလေးတစ်ယောက်ကတော့ ငလျင်လှုပ်တဲ့အချိန် ကြောက်စိတ်ဝင်ပြီး သတိမေ့သွားလို့ ဆေးခန်းပို့ရတယ်လို့ ကြားတယ်။ ဆိုးဆိုးရွားရွား လူသူ ထိခိုက်တယ်လို့တော့ မကြားပါဘူး။ အုတ်တံတိုင်းပြိုတာ၊ ဘုန်းကြီးကျောင်း မုခ်ဦးပြိုတာ၊ ဘုရားထီးတော်မြေခတာ၊ အဆောက်အဦး ကွဲအက်တာတွေတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာ(၂၈)ရက် ည(၉)နာရီကျော်အချိန်က သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် (၂၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅ဒသမ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Photo – supply.

လွန်ခဲ့သည့် ၂၀၁၂ နိုဝင်ဘာလအတွင်းကလည်း သပိတ်ကျင်းမြို့တွင် ရစ်ချ်တာစကေး ၆ဒသမ၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူသေဆုံးခြင်းနှင့် အဆောက်အဦး ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Photo – supply.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်