အမ်တီ၊ အောက်တိုဘာ-၃၀
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ (၆၂)လမ်းပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ အောက်တိုဘာ(၂၉)ရက် ညနေပိုင်းတွင် မန္တလေးတိုင်း မူးယစ်တပ်ဖွဲ့စု(၁၇) မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များနှင့် အသိသက်သေများ အဆိုပါ ဘုန်းကြီးကျောင်းတိုက်အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ကျောင်းတိုက်အတွင်း နေထိုင်သူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော 88/1 စာတမ်းပါ ပန်းရောင်ဆေးပြား(၅၀)ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီးရမိမူနှင့် ပတ်သက်၍ ဘုန်းကြီးကျောင်းအတွင်း နေထိုင်ကာ မူးယစ်ဆေးဝါးသုံးစွဲသူ အသက်(၄၄)နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့နယ် စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အရေးယူထားကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် မူးယစ်ဆေးဝါး သုံးစွဲနေသည့် ဦးဇင်းတစ်ပါးနှင့် လူနှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။