မန္တလေး ကျောက်မျက်ပြပွဲတွင် WeChat အသုံးပြုခွင့် ပိတ်ပင်မည်

ကိုနေကို၊ အောက်တိုဘာ-၁၈

မန္တလေးမြို့တွင် ပထမအကြိမ် ကျင်းပမည့် ကျောက်စိမ်း အရိုင်းထည်၊ အချောထည် နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေ  ရောင်းချပွဲတွင် WeChat (တရုတ်ပြည် အွန်လိုင်း လူမှု ကွန်ရက်) ဆော့ဝဲလ်ကို အသုံးပြုခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ ဦးကျော်ဇောအောင် က ပြောသည်။

ကျောက်မျက်ရောင်းချပွဲတွင် We Chat အသုံးပြု၍ ရောင်းဝယ်သည်ကို တွေ့ရှိပါက အဆိုပါ ကုန်သည်များကို  ပြပွဲဝင်ခွင့် ပိတ်ပင်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီပွဲမှာ We Chat ကို တရားဝင် ပိတ်ပင်ထားပါတယ်။ ကျောက်စိမ်း အရိုင်း၊ အချောနဲ့ ပတ်သက်ပြီး We Chat နဲ့ ဘာမှ လုပ်ခွင့်ပေးမထားဘူး။ ကျောက်စိမ်း လာဝယ်တဲ့သူတွေ စိတ်ပူပန်မှာ စိုးလို့ပါ။ အိတ်ဖွင့်တင်ဒါဖြစ်တော့ ဒါ ဘယ်လိုမှ အဆင်မပြေဘူး။ နိုင်ငံတော် အစိုးရ မူအတိုင်း သွားမှာပါ”   ဟု ဦးကျော်ဇောအောင်က ပြောသည်။

WeChat ဆော့ဖ်ဝဲ  အသုံးပြု၍ ကျောက်စိမ်း ဝယ်ယူခြင်းသည် ပြည်တွင်း ကျောက်စိမ်းဈေးကွက်ကို ပျက်စီးစေကြောင်း၊ မန္တလေး ကျောက်ဝိုင်းအတွင်း၌ တရုတ်နိုင်ငံသား အချို့က WeChat ဆော့ဖ်ဝဲအသုံးပြု၍ ကျောက်စိမ်းဝယ်ယူခြင်းကြောင့် ထိုက်သင့်သည့် ဈေးကောင်းမရသလို တရုတ်ကျောက်ကုန်သည်တစ်ဦးနှင့် အရောင်းအဝယ် မဖြစ်လျှင်ပင် ယင်းကျောက်စိမ်းမှာ WeChat တင် ပျံ့နှံ့နေပြီးဖြစ်၍ အခြားတရုတ်ကုန်သည်ထံ ထပ်မံရောင်းချရန် အခက်အခဲရှိကြောင်း မန္တလေးမြို့ခံ ကျောက်စိမ်းလုပ်ငန်း လုုပ်ကိုင်သူ အချို့ က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောက်မျက်ရတနာ ပြပွဲသို့ လာရောက်သော တရုတ်နိုင်ငံသား အချို့မှ WeChat အသုံးပြုမူများ ရှိခဲ့ပြီး ပြပွဲတာဝန်ရှိသူများ အနေဖြင့် စိစစ်ကြပ်မတ်နိုင်မူ အားနည်းခဲ့ကြောင်း ပြည်တွင်းကျောက်မျက်ကုန်သည်များက ဝေဖန်သည်။

 “ဒီလိုပြပွဲတွေမှာ WeChat နဲ့ ဝယ်တာက ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ အွန်လိုင်းမှာ တိုက်ရိုက်ရုပ်သံပြပြီး တခြားတစ်ဖက်မှာ ရှိတဲ့ ကုန်သည်က တိုက်ရိုက် ဈေးပေးရတာကိုး။ ဒီဟာက အိတ်ဖွင့်တင်ဒါ ခေါ်တာ ဆိုတော့ ဖြစ်လည်း မဖြစ်နိုင်ဘူး” ဟု  ဇွဲစိမ်း ကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် ဦးမျိုးမြင့်နိုင်က  သုံးသပ်သည်။

ကျောက်ဝိုင်းအတွင်း WeChat ဆော့ဖ်ဝဲ ကို အသုံးပြု၍ ကျောက်စိမ်း ဝယ်ယူခြင်းကို ပိတ်ပင်တားမြစ်ပေးရန် ကျောက်ဝိုင်းအတွင်း ရှိ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများ၏ လက်မှတ်များ ကောက်ယူ၍  ကျောက်ဝိုင်း အကျိုးတော်ဆောင် ကော်မတီ သို့ ၂၀၁၈ နှစ်ကုန်ပိုင်း က တင်ပြတောင်းဆိုခဲ့ဖူးသည်။

မန္တလေးကျောက်မျက် ရောင်းချပွဲကို အောက်တိုဘာ(၂၃)မှ (၂၉)ရက်အထိ မန္တလေးမြို့ ကွန်ဗင်ရှင်းစင်တာတွင် ကျင်းပမည်ဖြစ်ပြီး ကျောက်စိမ်း အရိုင်းထည် အတွဲ(၂၆၈၉)တွဲ၊ စားပွဲတင် အချောထည် ကျောက်စိမ်း အတွဲ(၂၀၀)နှင့် ကျောက်မျက်ရတနာအရောင်းဆိုင် (၄၉)ဆိုင်  ပါဝင်ပြသရောင်းချမည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။

ကျောက်ဝိုင်း အတွင်းရှိ ကျောက်စိမ်း လက်ကောက် အရောင်းအဝယ် တန်းတွင် WeChat ဖြင့် အရောင်းအဝယ် ပြုလုပ်နေစဉ်။ ဓါတ်ပုံ – ကိုနေကို။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်