ဖျန်ဖြေသည့် ဒု-ရဲမှူးကို ဓါးဖြင့်ထိုးဟုဆို
အမ်တီ၊ အောက်တိုဘာ- ၁၉
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)နှင့် လမ်း(၆၀)၊ မှုခင်းတပ်ဖွဲ့ခွဲ ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ နာရေးအိမ်သို့ ကေတီဗွီဝန်ထမ်း အမျိုးသားတစ်ဦး ဝင်ရောက်လာကာ မူးယစ်ရမ်းကားခဲ့ပြီး အိမ်ပြင်ထွက်ရန် ဖျန်ဖြေပြောဆိုသည့် ဒု-ရဲမှူးတစ်ဦးကိုလည်း ၎င်းအမျိုးသားက ဓါးဖြင့်ထိုးခဲ့ကြောင်း အမှတ်(၃) နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
အောက်တိုဘာ(၁၅)ရက်ညပိုင်းက အဆိုပါ KTV ဝန်ထမ်း အသက်(၄၀)အရွယ် အမျိုးသားသည် ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ယာအတွင်းရှိ နာရေးအိမ်သို့ နှစ်ကြိမ်လာရောက်ခဲ့ကာ ပထမအကြိမ်တွင် နာရေးအိမ်၌ အရက်သောက်စားရန် ကြိုးပမ်းခဲ့ပြီး ဒုတိယအကြိမ်တွင် ဖျန်ဖြေသည့် ဒု-ရဲမှူးကို ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
အောက်တိုဘာ(၁၅)ရက် ညပိုင်းက ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်၊ လမ်း(၃၀)၊ (၆၅)လမ်းနှင့် (၆၆)လမ်းကြား၊ မှုခင်းတပ်ဖွဲ့ခွဲ့ ဝန်ထမ်းအိမ်ရာဝင်း အတွင်းရှိ နာရေးအိမ်သို့ အသက်(၄၀)ရွယ် အမျိုးသားတစ်ဦး ခေါင်ရည်တစ်ထုပ်ကို လက်မှကိုင်ကာ ရောက်ရှိလာခဲ့ပြီး နာရေးအိမ်တွင် သောက်စားရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဒုရဲမှုးမှ နာရေးအိမ်တွင် အရက်သေစာ သောက်စားခြင်း မပြုရန် ပြောဆို၍ ပြန်လွှတ်ခဲ့ပြီးနောက် ည(၁၁)နာရီကျော် အချိန်တွင်ပြန် ထပ်မံရောက်လာပြီး နာရေးအိမ်ရှိ တပ်ဖွဲ့ဝင်များအား မချေမငံ ပြောဆိုနေသဖြင့် အိမ်အပြင်သို့ ထွက်ရန် လိုက်ပို့စဉ် ၎င်းအမျိုးသားက ခါးကြားတွင် ဝှက်ယူဆောင်လာသော စတီးဓါးဦးချွန်ဖြင့် ဒုရဲမှူးအား ထိုးခဲ့သည်ဟု ဆိုသည်။
ဓါးဖြင့်ထိုးခဲ့ရ၍ ဒုရဲမှူးတွင် ယာဘက်လက်ဖျံ ပွန်းခြစ်ဒဏ်ရာနှစ်ချက် ရရှိခဲ့ပြီး နာရေးအိမ်တွင်း ဝင်ရောက်ကာ နာကျင်ဒဏ်ရာရရှိရန် ကျူးလွန်သူကို အရေးယူပေးပါရန် ၎င်းဒုရဲမှူးက အမှတ်(၃)နယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုင်တန်းခဲ့သည့်အပေါ် နာရေးအိမ်သို့ ဝင်ရောက်ကာ ဓါးဖြင့် နာကျင်ဒဏ်ရာရရှိအောင် ပြုလုပ်သူ ကျော်ဆန်း(၃၈)နှစ် (KTV ဝန်ထမ်း၊ လမ်း၃၀)နေသူကို (ပ)၄၅၁/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၂/၃၂၄ (ပိုင်နက်ကျူးလွန်မှု၊ နာကျင်စေမှု) ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှသတင်းရရှိသည်။
ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ နားရေးကိစ္စ ဖြစ်ပေါ်နေသည့် နေအိမ်တစ်အိမ်အား ကားဝင်တိုက်ခဲ့ရာ နာရေးစောင့်သူ အမျိုးသားတစ်ဦးသေဆုံးပြီး အခြားနားရေးစောင့်သူနှစ်ဦး ထိခိုက်ဒဏ်ရာရမူ ဖြစ်ပွားခဲ့သည်။
.