Mandalay In-depth News၊ အောက်တိုဘာ-၂၁
မန္တလေးမြို့နေ မြန်မာ့မီးရထားဝန်ထမ်းဖြစ်သူ အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသတ်သေသည်ဟု ယူဆရသည့် ဖြစ်စဉ်တစ်ခု ယနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သည်။
ယနေ့ (အောက်တိုဘာ၂၁) နေ့လည် တစ်နာရီခွဲဝန်းကျင်တွင် အမျိုးသားတစ်ဦး စစ်ကိုင်း(အင်းဝ)တံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့သည်ဟု ယူဆရပြီး တံတားပေါ်တွင် ဆိုင်ကယ်၊ ဖိနပ်၊ ပိုက်ဆံအိတ်နှင့် မှတ်ပုံတင်ကတ်များ ကျန်ရစ်ခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

စစ်ကိုင်းတံတားတွင် တံတားလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ထံ ဆက်သွယ်အကြောင်းကြား၍ တံတားပေါ်မှ မြစ်အတွင်း ခုန်ချသည်ဟု ယူဆရသော အမျိုးသားကို ရှာဖွေနေပြီး ယနေ့ ညနေပိုင်းအထိ ရှာဖွေနေဆဲဟု ၎င်းက ဆိုသည်။

တံတားပေါ်တွင် ကျန်ရစ်ခဲ့သည့် မှတ်ပုံတင်နှင့် ဘဏ်ကတ်များအရ တံတားပေါ်မှ မြစ်အတွင်း ခုန်ချသွားသူသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်တွင် နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ကိုမျိုးသိန်းထွန်း (မြန်မာ့မီးရထားဝန်ထမ်း) ဖြစ်ကြောင်း၊ တံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေသည်ဟု ယူဆရသည့် ၎င်းအမျိုးသားနှင့်ပတ်သက်၍ စစ်ကိုင်း မြို့နယ် ရဲတပ်ဖွဲ့နှင့် အမရပူရမြို့နယ် ရဲတပ်ဖွဲ့တို့ ပးပေါင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

“ရရှိထားတဲ့ မှတ်တမ်းတွေအရ မိသားစုကို ဆက်သွယ် အကြောင်းကြား ထားတယ်။ မိသားစုကလည်း အိမ်မှာ မရှိဘူလို့တော့ ပြောတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချကာ ကိုယ့်ကိုကိုယ်သတ်သေမူများ မကြာခနဖြစ်ပွားနေပြီး ယခုနှစ်အတွင်း တံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေသူ (၅)ဦး ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။