ပဲ၊နှမ်းကုန်ဖိုးငွေ ကျပ်သိန်း(၇၀၀)ကျော် မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသူကို အသင်းသားအဖြစ်မှ ထုတ်ပယ်

အခြား ကုန်သည်နှစ်ဦးလည်း ပဲ၊နှမ်း ကုန်ဖိုးငွေကိစ္စ ဖြေရှင်းနေရဟုဆို

ဘုန်းနေ၊ မတ်-၉

ပဲ၊နှမ်းရောင်းချသည့် ကုန်ဖိုးငွေ ကျပ်သိန်း(၇၀၀)ကျော် မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ကုန်သည်တစ်ဦးကို အသင်းသားအဖြစ်မှ ထုတ်ပယ်ကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သတင်းရရှိသည်။

မန္တလေးမြိ့၊ ချမ်းပြသာစည်မြို့နယ်နေ ပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးသည်  ပဲ၊နှမ်း အရောင်းအဝယ် ငွေကြေးကိစ္စများနှင့် ပတ်သက်၍ အသင်းက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက် ကျုးလွန်သဖြင့် ကထိန်တော်အသင်း အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ အသင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်ဟု အသင်း ဒုတိယ ဥက္ကဌ ဦးချွန်က ပြောသည်။

အဆိုပါ ပွဲရုံပိုင်ရှင်အမျိုးသားသည် ကုန်ဖိုးငွေ ကျပ်သိန်း(၇၀၀)ကျော်ကို  ပေးချေခြင်း မရှိဘဲ တိမ်းရှောင်နေခဲ့ပြီး  ပြီးခဲ့သည့် ရှစ်လကျော်ကတည်းက  ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှု မရှိခဲ့ဟု ကုန်စည်ဒိုင် တာဝန်ရှိသူများက ပြောသည်။

“ဘာမှ မဆက်သွယ်လို့ ထုတ်လိုက်ရတာပါ”ဟု ဦးချွန်က Mandalay In-depth News အား ပြောသည်။

အဆိုပါ အသင်းသားအဖြစ်မှ ထုတ်ပယ်ခံရသူသည် တရုတ်နိုင်ငံမှ တင်သွင်းသည့် အမေရိကန် စားတော်ပဲဖိုး ရောင်းရငွေများကို ပေးချေခြင်း မရှိဘဲ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ကြားသိရကြောင်း မန္တလေးမြို့ခံ ပဲ၊ နှမ်း ကုန်သည်တစ်ဦးက ပြောသည်။

“အများစု ထိသွားတာတော့ တရုတ်ကုန်သည်တွေဖြစ်မယ်” ဟု အထက်ပါ ပဲ၊နှမ်းကုန်သည်က သုံးသပ်သည်။

တချိန်တည်းမှာပင် မန္တလေး၌ အရောင်းအဝယ် ငွေကြေးကိစ္စများနှင့် ပတ်သက်၍  ပြေလည်မှုမရှိသေးဘဲ ပြဿနာ ဖြစ်ပွားနေသူ နောက်ထပ် နှစ်ဦး ရှိနေသေးသည်ဟု ကြားသိရကြောင်း  မန္တလေး ကုန်စည်ဒိုင်  အသင်းနှင့် မြို့ခံ ပဲ၊နှမ်းကုန်သည်အချို့က Mandalay In-depth News အား ပြောသည်။

ယင်းနှင့်ပတ်သက်၍ မန္တလေး ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးချွန်က “တစ်ဦးကတော့ ညှိနှိုင်းနေတယ်။ နောက်တစ်ဦးကတော့ လာရောက်တွေ့ဆုံမှု မရှိသလို၊ ဖြေရှင်းနေဆဲပါ” ဟု ရှင်းပြသည်။

မန္တလေးကုန်စည်ဒိုင်တွင် အသင်းဝင် အသင်းသား နှစ်ထောင်ဝန်းကျင်နှင့် ကိုယ်စားလှယ် သုံးထောင်ကျော် ရှိပြီး အသင်းသား ကုန်သည်များအနေဖြင့် အရောင်းအဝယ် လုပ်ငန်းများ စနစ်တကျလုပ်ကိုင်ရန် ကုန်စည်ဒိုင်က စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ကုန်ဖိုးငွေကိစ္စ မပြေလည်မှုများကြောင့် ကုန်သည်(၁၂)ဦးကို အသင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်းနှင့် ယခု ကျပ်သိန်း(၇၀၀)ကျော် မပေးဘဲ တိမ်းရှောင်နေမှုအတွက် အသင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့သူမှာ လက်ရှိ အသင်းဥက္ကဌ သက်တမ်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဦးချွန်က ပြောသည်။

မန္တလေးကုန်စည်ဒိုင်တွင် ပဲနှမ်းအရောင်းအဝယ် လုပ်ကိုင်နေစဉ်/ Photo- ဘုန်းနေ

#Mandalay_Indepth_News

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်