ပါရမီဆန်း၊ နိုဝင်ဘာ-၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ(၉)ရက်တွင် မိုးကုတ်မြို့သို့ လာရောက်ပြီး မြို့မရပ်ရှိ ညောင်သုံးပင် ဘုန်းကြီးကျောင်း ဓမ္မဗိမ္မာန်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
“ညောင်သုံးပင် ဆရာတော်က ဖိတ်ကြားလို့ ဓမ္မဗိမ္မာန်ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ တခြား အစီအစဉ်တွေတော့ မသိရသေးပါဘူး”ဟု မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းတင်က Mandalay In-depth News သို့ အတည်ပြု ပြောကြားသည်။

မိုးကုတ်မြို့ မြို့မရပ်ကွက်၊ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော်ကျောင်းတိုက် အတွင်း အသစ်တည်ဆောက်ထားသည့် ရှင်အပါးတစ်ထောင် ဓမ္မဗိမ္မာန်တော်သည် မိုးကုတ်မြို့တွင် အကြီးဆုံးသော ဗိမ္မာန်အဆောက်အဦး ဖြစ်လာမည်ဖြစ်ကာ ယင်းဓမ္မဗိမ္မာန် ဖွင့်ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည်ဖြစ်သည်။
“လာမယ်လို့တော့ ကြားနေတယ်ဗျ။ မြို့ထဲမှာ ပြင်တာဆင်တာတော့ ဘာမှမတွေ့ရသေးဘူး”ဟု မိုးကုတ်မြို့ခံ တစ်ဦးက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ မတ်လအတွင်းက မိုးကုတ်မြို့တွင် ကျင်းပခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ မိုးကုတ်မြို့ လူထုဟောပြောသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သမ္မတဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွှန့်တို့လည်း တက်ရောက်ဟောပြောခဲ့သည်။

၂၀၁၄ တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး မိုးကုတ်မြို့ လူထုဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်။ Photo – Maung Tar (Mandalay In-depth News)
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးမည့် ဓမ္မဗိမ္မာန်။