လေးရက်အတွင်း နှမ်းဈေး ကျပ်နှစ်သောင်းကျော် ပြုတ်ကျ၊ အလွန်အမင်း ဈေးမကျနိုင်ဟု ကုန်သည်များ ခန့်မှန်း

ဘုန်းနေ၊ နိုဝင်ဘာ-၂၄

မန္တလေး ပဲ၊နှမ်းဈေးကွက်တွင် နိုဝင်ဘာ(၂၀)ရက်နောက်ပိုင်း သုံးရက်အတွင်း နှမ်းနက်(စမုံ) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်နှစ်သောင်း ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း ကုန်သည်များက ပြောသည်။

နိုဝင်ဘာ(၂၀)ရက်က  အရည်အသွေးကောင်း ထိပ်စ နှမ်းနက် (စမုံ) သုံးတင်းဝင် တစ်အိတ်လျင် ကျပ် (၂၅၅၀၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ရာမှ နိုဝင်ဘာ(၂၃)တွင်  ကျပ်(၂၃၅၀၀၀)သို့ ကျဆင်းသွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှ နှမ်းများ မန္တလေးဈေးကွက်သို့ ဝင်ရောက်လာသောကြောင့် ဈေးကျဆင်းခြင်း ဖြစ်ကြောင်း အရောင်းအဝယ် လုပ်ကိုင်နေသူများက ပြောသည်။

လက်ရှိ မန္တလေး ပဲ၊နှမ်း ဈေးကွက်တွင် နှမ်းနက် ဝယ်လိုအားထက် ရောင်းလိုအားက သာလွန်နေကြောင်း အောင်ကြည်မိုး ပွဲရုံ ပိုင်ရှင် ဦးရဲမိုးအောင် က ပြောသည်။

“နှမ်းနက်ဈေးက ဒီသုံးလေးရက်အတွင်း တကယ့်ကို ဖရိုဖရဲ ဖြစ်သွားတာ။ တစ်ရက်ထက် တစ်ရက် ပိုဆိုးလာတာပါပဲ။ အချိန်နဲ့ အမျှ ဈေးကျနေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက နှမ်းနက်(စမုံ) အရည်အသွေးကောင်း ထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ်(၂၇၀၀၀၀)ဝန်းကျင် ဈေးရှိခဲ့ရာမှ ရိတ်သိမ်းပြီးချိန် ဈေးကွက်အတွင်းသို့ နှမ်းများ ဝင်ရောက်မှု များပြားလာသည်နှင့်အမျှ တဖြည်းဖြည်း ဈေးနှုန်းကျဆင်းလာခြင်း ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။

မန္တလေးဈေးကွက်တွင် ပဲ၊နှမ်းများ ရောင်းဝယ်နေစဉ်/ Photo – Bhone Nay (Mandalay In-depth News)

လတ်တလောတွင် နှမ်းဈေး ကျဆင်းနေသော်လည်း ယခုနှစ် နှမ်းနက်(စမုံ)ပေါ်စက တစ်အိတ်လျှင် ကျပ်နှစ်သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့ရာ ယင်းဈေးနှုန်းအထက်တွင်သာ ရှိနေနိုင်ပြီး အလွန်အမင်းဈေးကျခြင်းမျိုး မရှိနိုင်ဟု ဝါရင့် ပ၊ဲနှမ်းကုန်သည်များက သုံးသပ်သည်။

“နှမ်းက ဈေးကွက်မှာ ပေါလာလို့ပါ။ မနေ့ကနဲ့ စာရင် တစ်သောင်းလောက် ကျသွားတယ်။ ဒီဈေးတန်းဆို တောင်သူတွေအတွက်လည်း အဆင်‌ပြေသေးတယ်လေ”ဟု နှမ်းကုန်သည် ဦးမောင်စိုး (ကျောက်ဆည်ပွဲရုံ)က ပြောသည်။

မန္တလေးကုန်စည်ဒိုင်၏ ပဲ၊နှမ်းဈေးနှုန်း ထုတ်ပြန်ချက်များအရ နိုဝင်ဘာ(၂၃)ရက် နှမ်းဈေးနှုန်းများမှာ နှမ်းနက်(စမုံ) ထိပ်စ သုံးတင်းဝင် တစ်အိတ်လျင်  ကျပ် ၂၃၅၀၀၀မှ ၂၄၀၀၀၀၊ နှမ်းဖြူ သုံးတင်းဝင် တစ်အိတ်လျှင်  ကျပ် ၁၄၅၀၀၀၊ နှမ်းနက် (ရိုးရိုး) သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀၊ နှမ်းညို ကျပ် ၁၃၆၀၀၀နှင့် နှမ်းနီ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၄၂၀၀၀ ဖြစ်သည်။

မန္တလေးဈေးကွက်တွင် ပဲ၊နှမ်းများ ရောင်းဝယ်နေစဉ်/ Photo – Bhone Nay (Mandalay In-depth News)

နှမ်းနက်(စမုံ)ကို  စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးပြီး ဇူလိုင်လတွင် မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်သည်။

နှမ်းနက် (စမုံ) ဈေးနှုန်းများ ကျဆင်းသော်လည်း အခြား ပဲ၊နှမ်းများမှာမူ သိသိသာသာ ဈေးနှုန်းပြောင်းလဲခြင်း မရှိကြောင်း ကုန်သည်များက ပြောသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ပိသာလျှင် ကျပ်(၃၀၀၀)ကျော်အထိ ဈေးမြင့်တက်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာလည်း ဘင်္ဂလားဒေရှ့်နိုင်က ဝယ်ယူမှု ရပ်တန့်သွားသောကြောင့် နိုဝင်ဘာ(၂၀)ရက်နောက်ပိုင်း ဈေးနှုန်းများ ပြန်လည်ကျဆင်းလာကြောင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုချောင်သုံး သီးနှံများ စိုက်ပျိူး၊ထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အသင်း ဥက္ကဌ  ဦးဇော်မျိုးဦး က ပြောသည်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်