ဘုံကမ္ဘာထွန်း၊ နိုဝင်ဘာ-၂၀
တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ဖူးသည့် ရှေ့နေ(ဟောင်း) ဦးဇော်ဝင်းကို နိုင်ငံတော် အကြီးအကဲများ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြောဆိုသည်ဟုဆိုကာ ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီး အမြင့်ဆုံးပြဒ်ဒဏ် ထောင်(၂)နှစ် ကျခံစေရန် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ယနေ့ နိုဝင်ဘာ(၂၀)ရက်တွင် အမိန့်ချမှတ်သည်။
တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ဟုဆိုကာ တရားရုံးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေ (ဟောင်း) ဦးဇော်ဝင်းသည် နိုင်ငံတော် အကြီးအကဲများ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြောဆိုသည်ဟုဆိုကာ ၂၀၁၈ မတ်လတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသည်။ ယင်းအမှုအား ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ(၂၀)ရက်တွင် ပြည်ကြီးတံခွန် မြို့နယ်တရားရုံးက ဦးဇော်ဝင်းကို အလုပ်နှင့်ထောင်ဒဏ် (၂)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“သူက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်တို့အပေါ် ပြောကြားချက်တွေဟာ ပြည်သူတွေက သူတို့အပေါ် ငြိုငြင်အောင် ဖြစ်ပေါ်စေလို့ အဲ့ဒါကြောင့်မို့ ချလိုက်တာပါ” ဟု ပြည်ကြီးတံခွန်မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအောင်ကျော်ဦးက ပြောသည်။
၎င်းသည် ကောင်းမွန်စွာ ထုချေခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခြင်းဖြစ်ပြီး ချုပ်ရက်များကို ထုတ်နှုတ်များကို ခံစားခွင့်ပြုမည်ဖြစ်ရာ ထောင်ဒဏ်(၂)နှစ် ချမှတ်ခံရသော်လည်း နောက်ထပ် (၄)လခန့်သာ ကျခံရတော့မည်ဖြစ်ကြောင်း တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောသည်။
ရှေ့နေ(ဟောင်း) ဦးဇော်ဝင်းသည် ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ စစ်ဆေးခဲ့သည့် အမှုတစ်ခုတွင် ဒု-မြို့နယ် တရားသူကြီးက အမှုကို နှစ်ရက်သာ စစ်ဆေးပြီး အမိန့်ချခဲ့သည့်အပေါ် မကျေနပ်ဟုဆိုကာ တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သလို နှုတ်မှလည်း နိုင်ငံတော်အကြီးအကဲများကို ဂုဏ်သိက္ခာကျအောင် ပြောဆိုခဲ့သည်ဟု ဆိုသည်။
ထိုသို့ ပြောဆိုမှုများကြောင့် ပြည်ကြီးတံခွန်မြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ကာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း တရားရုံးသတင်းပြန်ကြားရေးအရာရှိက ပြောသည်။
တရားရုံးက ချမှတ်လိုက်သည့် အမိန့်အပေါ် မကျေနပ်ကြောင်း ရှေ့နေ(ဟောင်း) ဦးဇော်ဝင်းက တရားရုံးမှ အထွက်တွင် သတင်းမီဒီယာများအား ပြောသည်။ သို့သော် ဝန်ကြီးချုပ် အမိန့်ဖြင့် တရားစွဲဆိုသည့် အမှုဖြစ်နိုင်ပြီး မည်သူမျှ ဖြေရှင်းပေးမည် မဟုတ်သည့်အတွက် အယူခံတက်မည် မဟုတ်ဟု ၎င်းက ပြောသည်။

ရှေ့နေ (ဟောင်း) ဦးဇော်ဝင်းသည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် အခြားပုဒ်မများဖြင့်လည်း အမှုရင်ဆိုင်နေရပြီး ပြည်ကြီးတံခွန်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက တရားလိုလုပ်ကာ တရားစွဲသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဒုမြို့နယ်တရားသူကြီး ဒေါ်စုသက်ငုံက တရားလိုလုပ်သည့် ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃၊ ၂၂၀၊ ၅၀၆နှင့် ပြည်ကြီးတံခွန်မြို့နယ် ဒုရဲမှူး ခင်မောင်ဇော်က တရားလိုသည့် ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃ တို့ဖြင့် တရားစွဲဆိုခံထားရသူဖြစ်သည်။
အဆိုပါအမှုများထဲမှ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ကို ယနေ့ အမိန့်ချခြင်းဖြစ်ပြီး အခြားအမှုများ ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။
.