မန္တလေးတွင် ခွင့်ပြုချက် မရှိဘဲ အိုင်ဖုုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြုပြင်ဆိုင် ဖွင့်လှစ်သူကို အမှုဖွင့်

အမ်တီ၊ အောက်တိုဘာ-၁၈

တရားဝင် ခွင့်ပြုချက် ရရှိခြင်း မရှိဘဲ Apple အမှတ်တံဆိပ် ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ၊ပြုပြင်သည့် ဖုန်းဆားဗစ်စင်တာ ဖွင့်လှစ်လုပ်ကိုင်သူကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၇၈)လမ်းပေါ်တွင် Apple ဖုုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ၊ ပြုပြင်သည့် ဖုန်း Service Center ဖွင့်လှစ်လုပ်ကိုင်ခဲ့သူကို အရေးယူပေးရန် Apple ကုမ္ပဏီ၏ ကိုယ်စား လှယ်လွှဲစာ ရရှိထားသူတစ်ဦးက အမှုဖွင့်တိုင်တန်း၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၈၆ (အတုဖြန့်ဖြူးရောင်းချမှု) ဖြင့် အမှုဖွင့်ထားသည်ဟု ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth News သို့ ပြောသည်။

ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေချိန် ဖမ်းမိခဲ့သည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ။ Photo – Supply

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက အမှုဖွင့်တိုင်တန်းခြင်း ဖြစ်ပြီး ဆက်လက် တရားစွဲဆိုမည်ဖြစ်ကြောင်း အမှုဖွင့်တိုင်းတန်းခဲ့သူ Apple အမှတ်တံဆိပ် ပစ္စည်းများ မြန်မာပြည်တွင်း တရားဝင် တင်ပို့ရောင်း ချခွင့်ရရှိထားသည် ဆိုသော ဦးလှမြင့်က ပြောသည်။

အဆိုပါ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ အရောင်း၊ပြုပြင်ဆိုင်သည့် Apple အမှတ်တံဆိပ် iPad၊ iPhone၊ MacBook၊ iMac၊ Apple Watch နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ပြုပြင်ခြင်းများကို Apple ကုမ္မဏီ၏ ခွင့်ပြုချက် မရှိဘဲ လုပ်ကိုင်ခဲ့သလို အတုအပ ပစ္စည်းများကို အသုံးပြုခဲ့သည်ဟု ၎င်းက ဆိုသည်။

ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေချိန် ဖမ်းမိခဲ့သည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ။ Photo – Supply

“Apple သုံးစွဲသူက သူတို့ဆိုင် သွားမေးရင် ရတယ် ပြင်ပေးတယ်ဆိုပြီး အတုတွေနဲ့ ပြုပြင်ပေးတဲ့အတွက် သုံးစွဲသူတွေအပေါ်မှာ အများကြီးနစ်နာတယ်။ အတုတွေနဲ့ ပြုပြင်ပေးနေတဲ့ အတွက် ပစ္စည်း‌တွေက ရေရည်မခံတဲ့အတွက် Apple ဂုဏ်သတင်းက အများကြီး ကျဆင်းတယ်။ အဲ့အပေါ် ရဲစခန်းကို တိုင်တန်းခဲ့တယ်။ အဲ့အပေါ်မှာ သွားစစ်ကြတယ်။ ပစ္စည်းအတုတွေလည်း မိတယ်” ဟု ဦးလှမြင့်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဥပဒေအကြံပြုချက် တောင်းခံကာ တရားစွဲဆိုမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အမှတ်(၈)ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်