မန္တလေး ကျောက်စိမ်းရောင်းချပွဲ အခွန်(၁၈)ရာခိုင်နှုန်း ပေးဆောင်ရမည်၊ နေပြည်တော် ကျောက်မျက်ပွဲများထက် အခွန်ပိုများ

ကိုနေကို၊  အောက်တိုဘာ -၂၅

မန္တလေးမြို့တွင် ကျင်းပလျှက်ရှိသည့် ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း အပါအဝင် ကျောက်မျက်ရောင်းရငွေ၏ (၁၈)ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

မန္တလေး ကျောက်စိမ်းရောင်းချပွဲတွင် ကျောက်စိမ်းကျောက်မျက် ရောင်းချသူသည် ရတနာအခွန် (၁၁)ရာခိုင်နှုန်း၊ ဝန်ဆောင်ခ(၂)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး ဝယ်ယူသူသည် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

ယင်းမှာ နေပြည်တော်တွင် ကျင်းပသည့် ကျောက်စိမ်း၊ကျောက်မျက် ပြပွဲများထက် အခွန်ငွေ (၅)ရာခိုင်နှုန်း ပိုမိုးပေးဆောင်ရမည့်သဘော ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်းကို ကောက်ခံခြင်း မပြုဘဲ ကင်းလွတ်ခွင့်ပေးရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ပြပွဲကျင်းပရေး ကော်မတီ တာဝန်ရှိသူများက ဆိုသည်။

မန္တလေး ကျောက်စိမ်း ရောင်းချပွဲ ။ Photo – Bhone Nay, MGJEA-Mandalay.

ပြီးခဲ့သည် စက်တင်ဘာ(၂၄)ရက်တွင် အတည်ပြုခဲ့သည့် ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန် အကောက် ဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့က ကြီးမှုးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာ အရိုင်းထည်နှင့် အချောထည်များသည် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိကြောင်း  ဖေါ်ပြထားသည်။

၂၀၁၈ အခွန်အကောက် ဥပဒေတွင် အစိုးရက ကြီးမှုးကျင်းပသော ဟူသည့် စကားရပ်ဖြင့် ရည်ညွှန်းခဲ့သော်လည်း  ၂၀၁၉ အခွန်အကောက် ဥပဒေတွင်မူ ပြည်ထောင်စု အစိုးရက ကြီးမှုးကျင်းပသော ဟူသည့် စကားရပ်ဖြင့် ပြောင်းလဲခဲ့ခြင်းကြောင့်  ပြည်ထောင်စု အစိုးရက ကြီးမှုးကျင်းပသော ပြပွဲများသည် ကုန်သွယ်ခွန် ပေးဆောင်ရန် မလိုအပ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြီမှုးကျင်းပမည်ဆိုလျင်  ကုန်သွယ်လုပ်ငန်းခွင် ဆောင်ရမည်ဆိုသည့် အဓိပ္ပာယ် သက်ရောက်စေကြောင်း မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် အသင်း(မန္တလေး)၏ ဥပဒေ အကြံပေး ဦးမောင်မောင်ဦးက ရှင်းပြသည်။

မန္တလေး ကျောက်စိမ်း ရောင်းချပွဲ ။ Photo – Bhone Nay, MGJEA-Mandalay.

မန္တလေးကျောက်စိမ်း ရောင်းချပွဲတွင် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်းကို ကောက်ခံခြင်း မပြုဘဲ ကင်းလွတ်ခွင့်ပေးရန်  တိုင်းအစိုးရနှင့် ပြည်ထောင်စု အဆင့်သို့ စာဖြင့် တင်ပြတောင်းဆိုထားကြောင်း မန္တလေးကျောက်စိမ်း ရောင်းချပွဲ ကျင်းပရေး  ကော်မတီ ဥက္ကဌ ဦးကျော်ဇောအောင်က ပြောသည်။

“လောလောဆယ် အထိကတော့ ၁၃ရာခိုင်နှုန်း + ၅ရာခိုင်နှုန်းနဲ့ သွားရမယ့် အနေအထား ဖြစ်နေတာပေါ့။ အတတ်နိုင်ဆုံး လျော့ချပေးဖို့ ကော်မတီ အနေနဲ့ သက်ဆိုင်ရာ လူကြီးတွေကို တင်ပြထားပါတယ်။ အချိန် မမှီခဲ့ရင်တော့ ဒီနှုန်းထား (၁၈ရာခိုင်နှုန်း)အတိုင်း သွားရမှာပေါ့” ဟု ၎င်းက ဆိုသည်။

မန္တလေး ကျောက်စိမ်း ရောင်းချပွဲ ။ Photo – Bhone Nay, MGJEA-Mandalay.

ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးခဲ့လျှင် ကျောက်ရောင်းသူသည် အခွန်(၁၁)ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်ကာ  ဝယ်သူအနေဖြင့်လည်း (၂)ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဟု  ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရဖြစ်စေ အစိုးရတစ်ရပ်တည်းဖြစ်သလို အခွန်အခ ကောက်ခံရငွေမှာလည်း ပြည်ထောင်စု၏ အခွန်အကောက်စာရင်းသို့ ဝင်ရောက်မည်ဖြစ်၍ မန္တလေး ကျောက်စိမ်း ရောင်းချပွဲတွင်  ကုန်သွယ်ခွန် (၅)ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးရန် တင်ပြထားသည်ဟု ဥပဒေအကြံပေး ဦးမောင်မောင်ဦးက ပြောသည်။

မန္တလေး ကျောက်စိမ်း ရောင်းချပွဲ ။ Photo – Bhone Nay, MGJEA-Mandalay.

၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေ မပြဌာန်းမီအချိန်ကမူ ပြည်ထောင်စုအစိုးရက ကြီးမှူး၍ ကျင်းပသော နေပြည်တော် ကျောက်မျက်ပြပွဲများတွင်လည်း ကုန်သွယ်ခွန်(၅)ရာခိုင်နှုန်း ကင်းလွတ်ခွင့် မပေးခဲ့ဘဲ ကျောက်ဝယ်ယူသူက  ပေးသွင်းရကြောင်း မန္တလေးမြို့ခံ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များက ပြောသည်။ သို့သော် လက်ရှိတွင် ဥပဒေပြဌာန်းပြီးဖြစ်၍ မန္တလေးကျောက်မျက်ပြပွဲတွင်လည်း ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ၎င်းတို့က ဆိုသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးဆောင်ကျင်းပသည့် ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို အောက်တိုဘာ(၂၃)ရက်မှစတင်ကာ မန္တလေးမြို့တွင် ကျင်းပလျှက်ရှိသည်။

မန္တလေး ကျောက်စိမ်း ရောင်းချပွဲ ။ Photo – Bhone Nay, MGJEA-Mandalay.

၎င်းကျောက်မျက်ပွဲတွင် ကျောက်စိမ်းအရိုင်းတွဲ (၃၀၀၀)ခန့် ပြသရောင်းချလျှက်ရှိပြီး ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများမှာ နေပြည်တော်ကျောက်မျက်ပြပွဲများကဲ့သို့ ဖြစ်ပြီး တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ပြပွဲကျင်းပရေး တာဝန်ရှိသူများက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၈အတွင်းက ပုဂ္ဂလိကကျောက်မျက်ကုမ္မဏီများမှ ဦးဆောင်၍ မန္တလေးမြို့တွင် ကျောက်စိမ်းကျောက်မျက် ရောင်းချပွဲများ ကျင်းပခဲ့ရာ ကျပ်သိန်းထောင်ချီ အခွန်ရှောင်မှုများ ရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်