ထက်ဘုန်းခေါင်၊ နိုဝင်ဘာ-၂၅
မန္တလေးမြို့ အမရပူရမြို့နယ် နန်းတော်ရာစံပြရပ်ကွက် ဘုံကထိန်ပွဲသို့ လာရောက်ကပြ ဖျော်ဖြေနိုင်ခြင်း မရှိခဲ့သည့်အပေါ် စွမ်းသဘင်ဇာတ်အဖွဲ့ ခေါင်းဆောင်မင်းသား စွမ်းဇာနည်က ယနေ့ နိုဝင်ဘာ(၂၅)ရက် နံနက်ပိုင်းက လာရောက်တောင်းပန်ခဲ့သည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူများက ပြောသည်။
“မနက်က သူကိုယ်တိုင် လာတယ်။ သူနဲ့အတူ သူ့ဆရာဝန်လည်း ပါတယ်။ မန္တလေးတိုင်း ဇာတ်သဘင်အသင်းက အတွင်းရေးမှူးလည်း ပါတယ်။ ပွဲမလာနိုင်တာကိုတော့ သူ့မိသားစု ကိစ္စကြောင့်လို့ ပြောပါတယ်”ဟု ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမရပူရမြို့ နန်းတော်ရာရပ်ကွက် ဓမ္မာရုံဝင်းအတွင်း နန်းတော်ရာ လူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် (၅၁)ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းပွဲနှင့် စုပေါင်း မဟာဘုံကထိန်ပွဲတော်တွင် လာရောက် ကပြဖျော်ဖြေ ပေးရန်အတွက် စွမ်းသဘင် ဇာတ်အဖွဲ့အား တစ်ညလျှင် ကျပ်(၅၅)သိန်းနှုန်းဖြင့် နိုဝင်ဘာ(၈)ရက်မှ (၁၀)ရက်အထိ (၃)ညတာအတွက် စရံငွေ ကျပ်သိန်း(၅၀)ပေးချေ၍ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း ပွဲကော်မတီ တာဝန်ရှိသူများက ဆိုသည်။
သို့သော် ဇာတ်ပွဲကပြရမည့် အချိန်တွင် ဇာတ်သဘင်အဖွဲ့သားများ လာရောက်ခဲ့သော်လည်း မင်းသား စွမ်းဇာနည် လာရောက်ခြင်း မရှိသဖြင့် ပွဲပျက်ခဲ့ပြီး စွမ်းသဘင်ဇာတ်အဖွဲ့ပိုင် မော်တော်ကားများနှင့် စက်ပစ္စည်းများမှာ ပွဲဝင်းအတွင်း ကျန်ရစ်ခဲ့သည်။ ထို့နောက် နိုဝင်ဘာ(၁၀)ရက်တွင် ပွဲကော်မတီက လျှော်ကြေးငွေ ကျပ်သိန်း(၅၀၀)ကို (၁၄)ရက်အတွင်း လာပေးရန် တောင်းဆိုခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင် မင်းသား စွမ်းဇာနည်ကိုယ်တိုင် လာရောက်တောင်းပန်ခဲ့ပြီး ညှိနှိုင်းခဲ့သဖြင့် လျော်ကြေးငွေ ကျပ်သိန်း(၃၀၀)ဖြင့် ပြေလည်မှုရခဲ့ကြောင်း ပွဲကော်မတီ တာဝန်ရှိသူများက ဆိုသည်။
“လျော်ကြေးလာပေးဖို့ ရက်တော့ သတ်မှတ် မထားပါဘူး။ ပြေလည်ပြီ ဖြစ်တာကြောင့် သူတို့ အဆင်ပြေတဲ့အချိန် လာနိုင်ပါတယ်။ ဘယ်အချိန်ပဲလာလာ ပြဿာနာမရှိပါဘူး”ဟု ပွဲကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စွမ်းသဘင်ဇာတ်အဖွဲ့ မန်နေဂျာထံ ဆက်သွယ် မေးမြန်းသော်လည်း မသိရသေး ဟုသာ ဖြေကြားသည်။
စွမ်းသဘင်ဇာတ်ပွဲ ကပြဖျော်ဖြေနိုင်ခြင်း မရှိဘဲ ပွဲပျက်ခဲ့ပြီးနောက် နန်းတော်ရာ ဘုံကထိန်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူများက ဟန်ဇာမိုးဝင်းဇာတ်အဖွဲ့ကို အစားထိုး ငှားရမ်းခဲ့ပြီး နိုဝင်ဘာ(၁၃)နှင့်(၁၄)ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၂၊ ၃)ရက် ညများတွင် ရုံဝင်ကြေးအခမဲ့ဖြင့် ကပြခဲ့သည်။
မင်းသားစွမ်းဇာနည်နှင့် နန်းတော်ရာ ကထိန်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူများ/ Photo – Supply.