ကျောက်မျက်ဝယ်ယူမည့် ကုန်သည်များ အာမခံစပေါ်ငွေ အနည်းဆုံး ကျပ်သိန်း(၂၀)ပေးသွင်းရမည်ဖြစ်
ပါရမီဆန်း၊ အောက်တိုဘာ-၁၂
မန္တလေးမြို့တွင် ပထမအကြိမ် ကျင်းပမည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ တက်ရောက်ဝယ်ယူလိုသူသည့် ကုန်သည်များ အနေဖြင့် ငွေကျပ်နှစ်သောင်း ပေးသွင်းကာ ဝင်ခွင့်ကတ် ပြုလုပ်ရမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီမှ သတင်းထုတ်ပြန်သည်။
ဝင်ခွင့်ကတ်ပြုလုပ်ရာတွင် မှတ်ပုံတင်(မူရင်းပြ) မိတ္တူ၊ လိုင်စင်ဓါတ်ပုံနှင့် ကျောက်မျက်လုပ်ငန်း လိုင်စင် သို့မဟုတ် ကျောက်မျက်လုပ်ငန်းရှင် အသင်းဝင်ကတ် မိတ္တူ လိုအပ်မည်ဖြစ်ကြောင်း ကျောက်မျက်ပြပွဲ ကျင်းပရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးမျိုးမြင့်နိုင်က ပြောသည်။
ကျောက်မျက်လိုင်စင် သို့မဟုတ် ကျောက်မျက် အသင်းဝင် မဟုတ်သူများ အနေဖြင့် ကျောက်မျက်လိုင်စင်ရှိသူ သို့မဟုတ် ကျောက်မျက်အသင်းဝင် တစ်ဦး၏ ထောက်ခံချက် ပါရှိမှသာ ပြပွဲဝင်ခွင့်ကတ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး လူတိုင်းကို ဝင်ခွင့်ကတ် လုပ်ပေးမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အသင်းဝင် မဟုတ်သူ၊ ကျောက်မျက်လိုင်စင် မရှိတဲ့သူတွေကို အာမခံပေးသူ တစ်ယောက်ရှိမှ ဝင်ခွင့်ကတ် လုပ်ပေးမယ်ဆိုတာမျိုး အစည်းအဝေးက ဆုံးဖြတ်ထားတယ်။ အာမခံချက် မရှိရင် လုံခြုံရေးအရ စိုးရိမ်ရတာ၊ ကျောက်မျက်ပျောက်ဆုံးမှာတွေ စိုးရိမ်တာကြောင့် လူတိုင်းကို ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဦးမျိုးမြင့်နိုင်က ပြောသည်။
ပြပွဲသို့ လာရောက်လေ့လာလိုသော နိုင်ငံခြားသားများကိုမူ ငွေကျပ်တစ်သိန်းဖြင့် ကတ်ပြုလုပ်ကာ ဝင်ခွင့်ပြုမည်ဖြစ်သည်ဟု ဆိုသည်။ ဝင်ခွင့်ကတ်များကို အောက်တိုဘာ(၁၄)ရက်မှ စတင်ကာ ပြပွဲနေ့များအထိ ပြုလုပ်ပေးမည်ဟု ဆိုသည်။
ပြပွဲတွင် ကျောက်စိမ်းအရိုင်းနှင့် အချောထည် အတွဲ(၃၅၀၀)ခန့် ပြသရောင်းချမည်ဖြစ်ကာ ကျောက်မျက်ရတနာ အချောထည်ဆိုင်ခန်း၊ ပန်းပုဆိုင်ခန်းနှင့် လက်ဝတ်ရတနာဆိုင်ခန်း (၄၉)ခန်း ခင်းကျင်းပြသ ရောင်းချမည် ဖြစ်ကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး) တာဝန်ရှိသူများက ပြောသည်။

ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဆိုင်ခန်းများသို့ မည်သူမဆို အခမဲ့လွတ်လပ်စွာ လာရောက်လေ့လာ ဝယ်ယူခွင့်ရှိမည် ဖြစ်သော်လည်း ကျောက်စိမ်းတွဲများ ရောင်းချရာနေရာသို့မူ ဝင်ခွင့်ကတ်ဖြင့်သာ ဝင်ရောက်ခွင့်ရှိမည်ဟု ဆိုသည်။
ပြပွဲတွင် ပြသရောင်းချမည့် ကျောက်စိမ်း၊ကျောက်မျက်များ အားလုံးအတွက် ကြမ်းခင်းဈေး ကျပ်ဆယ်သိန်း သတ်မှတ်ထားပြီး တင်ဒါစနစ်ဖြင့် ဝယ်ယူရမည်ဖြစ်ကာ ကျောက်မျက်ဝယ်ယူလိုသော ကုန်သည်များအနေဖြင့် အာမခံစပေါ်ငွေ အနည်းဆုံး ကျပ်သိန်း(၂၀)ပေးသွင်းရမည် ဖြစ်ကြောင်း ကျောက်မျက်အသင်း တာဝန်ရှိသူများက ပြောသည်။
“တင်ဒါစည်းကမ်းတွေ၊ ပြပွဲစည်းကမ်းတွေက နေပြည်တော်ကျောက်မျက်ပြပွဲတွေ အတိုင်းပါပဲ။ စပေါ်ငွေ သိန်း(၂၀)သွင်းထားရင် သိန်း(၂၀၀)ဖိုးအထိ ဝယ်လို့ရမယ်။ များများဝယ်ချင်တဲ့သူကတော့ ငွေများများ သွင်းထားရမယ်ပေါ့”ဟု ဦးမျိုးမြင့်နိုင်က ဆိုသည်။

မန္တလေးမြို့ ပထမအကြိမ် ကျင်းပသည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ(၂၃)မှ (၂၉)ရက်အထိ ခုနှစ်ရက်ကြာ ကျင်းပမည်ဖြစ်သည်။
ယင်းကျောက်မျက်ပြပွဲကို မန္တလေးတိုင်းအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၏ လမ်းညွှန်မူဖြင့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ကျောက်စိမ်း အဆင့်သတ်မှတ်ချက် B၊ C၊ D အဆင့်ရှိ အရည်အသွေးကောင်း ကျောက်စိမ်းအရိုင်းနှင့် အချောထည်များ ပြသ ရောင်းချမည် ဖြစ်သည်။
မန္တလေးကျောက်မျက်ပြပွဲအတွက် ကြိုတင်ပြင်ဆင်နေစဉ်။ Photo – မန္တလေးကျောက်မျက်အသင်း။