မောင်မင်းမော်၊ အောက်တိုဘာ-၁၀
တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သည်ဟု ဆိုကာ ဘဝအလင်းဆရာတော် ဦးသောဘိတအား တပ်မတော် ဒု-ဗိုလ်မှူးကြီးတစ်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာ(၁၀)ရက်တွင် အမရပူရမြို့နယ် တရားရုံး၌ တရားလိုပြသက်သေကို စစ်ဆေးခဲ့သည်။
အမရပူရမြို့တွင် သိတင်းသုံးနေထိုင်ပြီး ရွှေဝါရောင်သံဃာ့လှုပ်ရှားမူတွင် ပါဝင်ခဲ့သည့် ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)သည် တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် လူမူကွန်ယက်တွင် ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် တပ်မတော် ဒု-ဗိုလ်မှူးကြီးတစ်ဦးက ၂၀၁၈ ကတည်းက အမရပူရမြို့နယ် ရဲစခန်းတွင် အမူဖွင့်ထားသည်။
ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ဗိုလ်မှူးမြင့်ဇော်လင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အမှုနှင့်ပတ်သက်၍ ဆရာတော် ဦသောဘိတ ဖက်မှ လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ် လွှဲစာ မပါတာတို့၊ နောက်ပြီးတော့ တိုင်းမှူးရဲ့ ကိုယ်စားလှယ်လွှဲစာက တရားရုံးမှာ နှစ်ခုဖြစ်နေတာတို့၊ ပြီးတော့ ဒါနဲ့ ပတ်သက်ပြီး ရှာဖွေပုံစံနဲ့ အပ်ထားတာမရှိဘူးတို့ အဲ့တာတွေ စစ်တာပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန် အောက်တိုဘာ(၂၄)ရက်သို့ ထပ်မံချိန်းဆိုကြောင်း သတင်းရရှိသည်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ၏ လူမူကွန်ယက်တွင် ရေးသားချက်များနှင့် ပတ်သက်၍ နိုင်ငံတော် အကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၅(ခ)ဖြင့် အရေးယူပေးရန် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးတစ်ဦးက မေ(၂၃)ရက်တွင် အမရပူရမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သော်လည်း ယင်းအမှုကို ပ,လပ်ကြောင်း တရားရုံးက ဇွန်(၆)ရက် ရုံးချိန်းတွင် ကြေညာခဲ့သည်။
တရားစွဲဆိုခံထားရသည့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)သည် လက်ရှိတွင် သြစတေးလျနိုင်ငံ၌ ခေတ္တ သတင်းသုံးနေထိုင်လျှက် ရှိသည်။

တချိန်တည်းမှာပင် မန္တလေးမြို့တွင် သီတင်းသုံးနေထိုင်သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမူ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သော ဆရာတော် ဦးစိန္တိတ (မလိခဝါဆိုကျောင်း၊ မဟာဝိဇိတာရာမတိုက်)အား လူမူကွန်ယက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြု၍ တပ်မတော်အကြီးအကဲများ အပါအဝင် တပ်မတော်သားများ၏ ဂုဏ်သရေကို ပျက်ပြားစေရန် ပြုလုပ်ခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အမရပူရပူရမြို့နယ် အမှတ်(၂) ပင်မအလုပ်ရုံ (လျှပ်၊စက်)တပ်၊ အလုပ်ရုံမှူး ဒု-ဗိုလ်မှူးကြီး သန့်ဇော်ဦးက စက်တင်ဘာ(၅)ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ အမူဖွင့်တိုင်တန်းထားသည်။
ထို့အပြင် စက်တင်ဘာလဆန်းပိုင်းကလည်း တပ်မတော်ကို ဂုဏ်သိက္ခာကျဆင်းအောင် ပြောဆိုသည်ဟုဆိုကာ မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသ အား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထားကြောင်း သတင်းရရှိသည်။
ဆရာတော် ဦးသောဘိတအား တပ်မတော် ဒု-ဗိုလ်မှူးကြီးတစ်ဦးမှ တရားစွဲဆိုထားမူနှင့် ပတ်သက်၍ အမရပူရမြို့နယ် တရားရုံးတွင် စစ်ဆေးစဉ်။ ဓါတ်ပုံ – မောင်မင်းမော် (Mandalay In-depth News)
.