မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုများ ရုံးထိုင်ကြားနာခြင်း ဧပြီ(၂၄)ရက်အထိ ရပ်ဆိုင်းထားမည်

မောင်မင်းမော်၊ ဒီဒါင်းမေ၊ မတ်-၂၄

Covid-19 ရောဂါကြောင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုများ ရုံးထိုင်ကြားနာခြင်းကို မတ်လ(၃၀)ရက်မှ ဧပြီ(၂၄)ရက်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်က အသိပေးကြေညာသည်။

“2019 Novel Coronavirus(COVID-19)ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၃၀-၃-၂၀၂၀ မှ ၂၄-၄-၂၀၂၀ ထိ ကြားနာရန် ချိန်းဆိုထားသည့် အမှုများအား ရုံးထိုင်ကြားနာမည် မဟုတ်ကြောင်းနှင့် ပြန်လည် ကြားနာမည့်ရက်များအား ထပ်မံကြေညာမည်”ဟု မန္တလေးတိုင်း တရားလွှတ်တော်က ယနေ့ မတ်လ(၂၄)ရက်တွင် အသိပေးကြေညာသည်။

တိုင်းတရားလွှတ်တော်တွင် အမှုများ ရုံးထိုင်ကြားနာမှု ရပ်နားမည်ဖြစ်သော်လည်း မန္တလေးတိုင်းအတွင်းရှိ ခရိုင်တရားရုံး၊ မြို့နယ် တရားရုံးနှင့် အထူးတရားရုံးများ၌ အမှုများ ရုံးထိုင်ကြားနာခြင်း ရှိ၊မရှိ အတိအကျ မသိရသေးဘဲ Mandalay In-depth News မှ မေးမြန်းအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

နီးစပ်သူများ၏ အဆိုအရ ခရိုင်တရားရုံးများတွင် ရုံးချိန်းများ ရက်ရွှေ့ကာ ပြန်လည်ချိန်းဆိုနေပြီး မြို့နယ်တရားရုံးများတွင်မူ ပုံမှန်အခြေအနေတိုင်းသာ ရှိနေကြောင်း ကြားသိရသည်ဟု ဆိုသည်။

ယင်းသို့ တိုင်းတရားလွှတ်တော်တွင် ရုံးချိန်းကြားနာမှုများ ရပ်နားမည့်အပေါ် ကြိုဆိုကြောင်း မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မှတ်ချက်ပြုသည်။

“ဒါလိုအပ်တဲ့ ဆောင်ရွက်ချက်လို့ ယူဆရမှာပဲ။ တိုင်းပြည်အခြေအနေက ဘာမှန်းမသိဘူးလေ။ လူစူလူဝေးနေရာဆိုတော့ မပြောနိုင်ဘူး”ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း (ILAM)၏ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးသိန်းသန်းဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်းတရားလွှတ်တော်နှင့် နေပြည်တော် ကောင်စီနယ်မြေရှိ တရားရုံးများ အပါအဝင် ခရိုင်တရားရုံး ရှစ်ရုံး၊ မြို့နယ်တရားရုံး (၃၄)ရုံးနှင့် အထူးတရားရုံး ငါးရုံး ရှိသည်။

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်