ကိုနေကို၊ အောက်တိုဘာ-၃၁
အမြန်ရေယာဉ် (Speed Boat) များဖြင့် ပြေးဆွဲမည့် ဧရာဝတီလင်းပိုင်ကြည့် မြစ်တွင်းသွား ခရီးစဉ်သစ်တစ်ခု လာမည့် ခရီးသွားရာသီတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် တည်းခိုးခန်း လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း) တာဝန်ရှိသူများက ပြောသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာ့သဘာ၀ အလှအပများကို ပြသပြီး ကမ္ဘာလှည့်ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ခရီးစဉ်သစ် အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် တည်းခိုးခန်း လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း) ဥက္ကဌ ဦးညွှန့်ဝင်းက ပြောသည်။
အဆိုပါ ခရီးစဉ်ကို နိုဝင်ဘာလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကာ (၁၀)ယောက်စီး အမြန်ရေယာဉ် (၁၀)ဦးဖြင့် စတင်ပြေးဆွဲမည်ဖြစ်ဟု ဆိုသည်။

ခရီးစဉ်တလျှောက်တွင် ဧရာဝတီမြစ်အတွင်း ရှင်သန်ကျက်စားသည့် ဧရာဝတီလင်းပိုင်းများကို လှည့်လည်ကြည့်ရှု့နိုင်မည် ဖြစ်သလို စစ်ကိုင်း-အင်းဝ-မင်းကွန်း-ရှိန်းမကား ဒေသများသို့ပါ လှည့်လည်ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း ဦးညွှန့်ဝင်းက ပြောသည်။
“စမ်းသပ်ပြေးဆွဲပြီး လမ်းကြောင်း စနစ်တကျ ရေးဆွဲပြီးရင်တော့ လာမယ့် ခရီသွားရာသီမှာ ပြေးဆွဲနိုင်ဖို့ စီစဉ်ထားပါတယ်။ လင်းပိုင်ကြည့်မယ်။ မြစ်ဘေးကျေးရွာတွေ ဝင်မယ်ပေါ့။ ကျွန်းတွေပေါ်မှာ နားဖို့ အစီအစဉ်လေးတွေ ဆွဲနေတယ်။ စစ်ကိုင်းတောင်ကြီးကို ပတ်ပြီးကြည့်ရမယ်၊ လင်းပိုင်ဆိုတာကလည်း ပြည်တွင်း၊ပြည်ပ စိတ်ဝင်စားသူတွေပဲလေ။ အားလုံးက သဘောကျမှာပါ” ဟု ၎င်းက ဆိုသည်။
အမြန်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်း ပြေးဆွဲမည့် ခရီးစဉ်အချိန်နှင့် ဈေးနှုန်းများကို အတိအကျ မသတ်မှတ်ရသေးသော်လည်း ပြည်တွင်း၊ပြည်ပ ခရီးသည်များ စီးနင်းနိုင်စေရန် ချိုသာသော ဈေးနှုန်းဖြင့် ပြေးဆွဲနိုင်ပေးမည်ဟု ဦးညွှန့်ဝင်းက ပြောသည်။

လက်ရှိတွင် ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် အဓိကကျက်စားရာ နေရာများဖြစ်သည့် စစ်ကိုင်းနှင့် ကျောက်မြောင်းကြားရှိ ကျေးရွာ(၈)ရွာတွင် ဧရာဝတီလင်းပိုင်ကြည့် ခရီးစဉ်နှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်လျှက် ရှိသည်။ အဆိုပါ ကျေးရွာ(၈)ရွာအနက် အင်ဒေါင်းကျေးရွာတွင် ဧရာဝတီလင်းပိုင်ကြည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် တည်းခိုဆောင်များလည်း တည်ဆောက်ထားသည်။
ယခင်နှစ် ခရီးသွားရာသီက အဆိုပါ ကျေးရွာများသို့ ဧရာဝတီလင်းပိုင်ကြည့် ခရီးစဉ်အဖြစ် လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည် (၆၀၀) ကျော်ရှိခဲ့ကြောင်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း အစီအစဉ်တွင် ပါဝင်လုပ်ကိုင်နေသည့် ဒေသခံများက ပြောသည်။
ဧရာဝတီမြစ်အတွင်း ရှင်သန်ကျက်စားသည့် ဧရာဝတီလင်းပိုင်များသည် ရေနေနို့တိုက်သတ္တဝါဖြစ်ပြီး လူနှင့် ပူးပေါင်း ငါးဖမ်းနိုင်သည်။

သို့သော် ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းအပါအဝင် လူတို့၏ ပယောဂကြောင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအဖွဲ့များနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ ဧရာဝတီမြစ်အတွင်း ရှင်သန်ကျက်စားနေသည့် လင်းပိုင်အရေအတွက်မှာ (၇၀)ဝန်းကျင်ခန့်သာ ကျန်ရှိတော့သည်။
ဧရာဝတီလင်းပိုင်များ။ Photo – WCS-Myanmar.