ဖမ်းဆီးခံ အောင်သပြေရွာသားတစ်ဦး လူငယ်သင်တန်းကျောင်းတွင် နှိပ်စက်ခံရကြောင်း လူမူကွန်ယက်တွင် ရေးသားသူ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရ

မောင်မင်းမော်၊ အမ်တီ၊ နိုဝင်ဘာ-၂၁

ဘိလပ်မြေစက်ရုံ စီမံကိန်း ကန့်ကွက်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် အောင်သပြေရွာသားတစ်ဦး မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ရိုက်နှက်နှိပ်စက်ခံရကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်တွင် ရေးသားသူခဲ့ကို ကျောင်းတာဝန်ရှိသူတစ်ဦးက ၆၆(ဃ)ဖြင့် အမှု့ဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အောင်သပြေကျေးရွာမှ အသက်(၁၇)နှစ်အရွယ် ကျောင်းသား တူးဝေယံ(ခ)ဂျစ်တူးသည် အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် အယ်လ်ဖာ ဘိလပ်မြေစက်ရုံစီမံကိန်းအား ကန့်ကွက်မှုများနှင့် ဆက်စပ်၍ စက်ရုံဝင်းအတွင်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှု အပါအဝင် ပုဒ်မ(၄)ခုဖြင့် အမှုဖွင့် တရားဆွဲခံရကာ မန္တလေးမြို့ လူငယ်သင်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်။

အောင်သပြေရွာသား တူးဝေယံ(ခ)ဂျစ်တူးကို လူမူဝန်ထမ်း ဦးစီးဌာန၊ မန္တလေး လူငယ်သင်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားများက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း Kyaw Ni အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူက စက်တင်ဘာ(၂၇)ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ထိုသို့ ရေးသားဖော်ပြခြင်းသည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဂုဏ်သိက္ခာ၊ သင်တန်းကျောင်း၏ ဂုဏ်သိက္ခာနှင့် သင်တန်းကျောင်း ဆရာ၊ဆရာမများ၏ ဂုဏ်သိက္ခာ ထိခိုက်သည်ဟု ဆိုကာ မန္တလေး လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေအောင်ကျော်က တရားလိုလုပ်၍ Kyaw Ni ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် နိုဝင်ဘာ(၁၇)ရက်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၂)ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခြင်း ဖြစ်သည်။

Photo – Bhone Nay (Mandalay In-depth news)

“အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ သူ့ကို အငြိုးအတေး ရှိလို့ မဟုတ်ပါဘူး။ သူစွပ်စွဲသလို မဟုတ်မှန်တဲ့အကြောင်း၊ သူ့ကိုလည်း ကိုယ်တိုင် လာပြီး လေ့လာကြည့်လို့ရတယ်၊ ကျွန်တော်တို့ ကလေးတွေကို ဘယ်လို ဆက်ဆံတယ်၊ ဘယ်လိုထားတယ်ဆိုတာ သိလိမ့်မယ်လို့ ကျွန်တော် ပြောတယ်၊၊ ပို့စ်ကိုလည်း ဖျက်ပေးပါလို့ ပြောတာ အခုချိန်ထိ ဖျက်မပေးတဲ့အတွက် အများကြီး စဉ်းစားပြီးမှ အခုလို တိုင်လိုက်တာပါ” ဟု မန္တလေးလူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက Mandalay In-depth news သို့ ပြောသည်။

ထိုသို့ လူမူကွန်ယက်တွင် ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မန္တလေးလူငယ်သင်တန်းကျောင်း တာဝန်ရှိသူများက စက်တင်ဘာ(၂၉)ရက်ကတည်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး Kyaw Ni အကောင့်က ရေးသားသလို တူးဝေယံ(ခ)ဂျစ်တူးကို ရိုက်နှိပ်စက်ခြင်း မရှိကြောင်းနှင့် တူးဝေယံ(ခ)ဂျစ်တူးက သင်တန်းကျောင်းရှိ ဆရာအသစ်ကို ပြန်လည် ဆဲဆိုခဲ့သောကြောင့်  အခြား ကျောင်းသား ငါးဦးခန့်က ဝိုင်းဝန်းထိုးကြိတ်ရန် လုပ်ဆောင်သည့်အခါ  တာဝန်မှူးကျသည့် ဆရာမက ဝင်ပြီး အကာအကွယ် ပေးခဲ့သည်ဟု ပြန်လည်ဖြေရှင်းထားသည်။

စက်တင်ဘာ(၂၉)ရက်က မန္တလေး လူငယ်သင်တန်းကျောင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်/ Photo – Bhone Nay.

အဆိုပါ အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ Kyaw Ni ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ထံ ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် တရားရုံးထုတ်စဉ် တူးဝေယံပြောသည့် အတိုင်း လူမူကွန်ယက်တွင် ရေးသားခဲ့ခြင်း ဖြစ်ပြီး ဆက်လက် ရင်ဆိုင်ဖြေရှင်းမည် မဟုတ်ကြောင်း  Mandalay In-depth News သို့ ပြောသည်။

ဓါတ်ပုံ – အောင်သပြေရွာသားတစ်ဦး လူငယ်သင်တန်းကျောင်းတွင် နှိပ်စက်ခံရကြောင်း Kyaw Ni ဖေ့စ်ဘွတ်ခ်အကောင့်က ရေးသားဖော်ပြထားစဉ်။

မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် တစ်နေ့ တန်(၅၀၀၀)ကျ ကျောက်မီးသွေးစွမ်းအင်သုံး  အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်လျှက်ရှိသည်။

အဆိုပါ ဘိလပ်မြေ စက်ရုံစီမံကိန်းသည် ကျေးရွာနှင့် အလွန်နီးကပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများများ၏ လူမူဘဝအပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟုဆိုကာ အောင်သပြေကျေးရွာ ဒေသခံအချို့က ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်လျှက်ရှိသည်။ အဆိုပါ ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ ဒေသခံများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သလို အောင်သပြေကျေးရွာမှ ဒေသခံ(၅၀)ဦးထက် မနည်း အမှုဖွင့် တရားစွဲဆို ခံထားရသည်။ ၎င်းတို့အနက် အချို့မှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ၊ ထောင်ဒဏ် ချမှတ် ခံရသူများလည်း ရှိသည်။

မန္တလေး လူငယ်သင်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် တူးဝေယံ(ခ)ဂျစ်တူး အပါအဝင် အောင်သပြေကျေးရွာ ဒေသခံအချို့မှာ အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမူများနှင့် ဆက်စပ်၍ စက်ရုံစီမံကိန်း ဧရိယာအတွင်း မီးရှို့ဖျက်ဆီးမှုအပါဝင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆၊ ၄၄၀၊ ၃၃၂၊ ၃၃၃ တို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

အဆိုပါ အမှုတွဲမှ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း(ခ) ကိုထွန်းမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် မန္တလေးအိုးဘိုထောင်အတွင်း၌ သေဆုံးခဲ့သည်။

အိုးဘိုထောင်အတွင်း ကိုထွန်း သေဆုံးမှုနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့ပြီး ကနဦးတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းအဖြစ်သာ အမှုဖွင့်ခဲ့သော်လည်း တစ်လကျော်အကြာတွင် လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ခဲ့သည်။ ကိုထွန်းသည် အိုးဘိုထောင်အတွင်း အချုပ်ကျနေစဉ် နှစ်ကြီး အကျည်းသားတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ယင်းမှ ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။

.

ဓါတ်ပုံ – အောင်သပြေရွာသားတစ်ဦး လူငယ်သင်တန်းကျောင်းတွင် နှိပ်စက်ခံရကြောင်း Kyaw Ni ဖေ့စ်ဘွတ်ခ်အကောင့်က ရေးသားဖော်ပြထားစဉ်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်