ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်းငါးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

MID News၊ အောက်တိုဘာ ၂၅

ပြင်ဦးလွင်မြို့နယ် သပြေးရကျေးရွာအနီးတွင် အောက်တိုဘာ(၂၃)ရက် ညပိုင်းက တောလမ်းအတိုင်း မောင်းနှင်လာသည့် ကားတစ်စီးပေါ်မှ ကျပ်သိန်းငါးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ပြင်ဦးလွင်မြို့နယ် သပြေရကျေးရွာအထွက်တွင် တောလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ ကျပ်သိန်းငါးသောင်းကျော် တန်ဘိုးရှိ စိတ်ကြွဆေးပြား အရေအတွက် နှစ်သန်းခွဲကျော်နှင့် Ice (၆၅၀)ဂရမ် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။

ပြင်ဦးလွင်မြို့နယ်တွင် မြို့အဝင် စစ်ဆေးရေးဂိတ်၌ X-Ray စက် တပ်ဆင်ထားရာ အချို့သော မော်တော်ယာဉ်များမှာ X-Ray စက်ကို ဖြတ်သန်းမောင်းနှင်ခြင်း မရှိဘဲ ရှောင်ကွင်းလမ်းများမှ မောင်းနှင်သွားလာနေကြောင်း သတင်းအရ ရှောင်ကွင်းလမ်းများတွင် ပိတ်ဆို့ ဖမ်းဆီးရာမှ ယခုကဲ့သို့ ဖမ်းမိခြင်းဖြစ်သည်ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“X-Ray စက်ကို ရှောင်ကွင်းလို့ရနိုင်တဲ့ လမ်းတွေ ရှိတယ်။ သတင်းအရ အဲ့ဒီလို ရှောင်ကွင်းလမ်းတွေမှာ စစ်ဆေးတာကနေ ဖမ်းမိတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

Photo – မူးယစ်ရဲတပ်ဖွဲ့ – CCDAC Myanmar FB.

အောက်တိုဘာ(၂၃)ရက် ည(၁၁)နာရီခန့်က ပြင်ဦးလွင်မြို့နယ် သပြေရကျေးရွာအထွက်တွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ကျပ်သိန်း(၂၀၀)ခန့် တန်ဖိုးရှိ ICE အလေးချိန် ၆၅၀ ဂရမ်နှင့် ကျပ်သိန်း(၅၁၀၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၇၀၀၀၀ ပြား တို့ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမူနှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းရပ်ကွက်နေ အသက်(၂၃)နှစ်အရွယ် အမျိုးသားနှင့် ရတနာပုံမြို့သစ်နေ အသက်(၂၂)နှစ်အရွယ် ယာဉ်နောက်လိုက်တို့ကို ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမူဖွင့်ထားပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်