သံသယရှိသူ(၆)ဦး ဖြစ်ပြီး ဖမ်းမိသူများမှာ အသက်(၂၀)ဝန်းကျင်များဖြစ်ကာ အသက်မပြည့်သူတစ်ဦးပါဝင်
အမ်တီ၊ အောက်တိုဘာ-၁၆
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးတွင် သီတင်းကျွတ်လပြည့်ည အောက်တိုဘာ(၁၄)ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာ(၈)ချက် ရရှိကာ သေဆုံးနေမူနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားလေးဦးကို ဖမ်းဆီးထားကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးထားသည့် အမျိုးသားလေးဦးတွင် အသက်(၁၈)နှစ် မပြည့်သေးသူ တစ်ဦးပါဝင်သလို အခြားသူများမှာလည်း အသက်(၂၀)ဝန်းကျင် အရွယ်များ ဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက Mandalay In-depth News သို့ ပြောသည်။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၇၄လမ်းနှင့် ၃၁လမ်းဒေါင့်တွင် အောက်တိုဘာ(၁၄)ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် မှောက်လျှက်လဲကာ သေဆုံးနေခဲ့သည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် အခင်းဖြစ်နေရာမှ CCTV မှတ်တမ်းများ၊ ဆိုင်ကယ်နံပါတ်များဖြင့် လိုက်လံစုံစမ်းခဲ့ရာမှ ပြစ်မူကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမူနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ သက်ဝင်းနောင်(ခ)ဘောကြီး၊ စောထက်အောင်နှင့် အောင်ကျော်သူတို့ သုံးဦးကို ခေါ်ယူစစ်ဆေးရာ အခင်းဖြစ်ပွားသည့် သီတင်းကျွတ်လပြည့်ည နံနက်ပိုင်းက အရက်သေစာ အလွန်အကျွံ သောက်စားပြီးနောက် (၇၄)လမ်းအတိုင်း တောင်မှမြောက်သို့ ပြန်လာစဉ် (၇၄)လမ်း (၃၁)လမ်းနှင့် (၃၂)လမ်းကြား အရောက်တွင် အမည်မသိ လူအုပ်စုဖြင့် စကားများရန်ဖြစ်ကြောင်း၊ ထိုသို့ စကားများရန်ဖြစ်ရာတွင် ၎င်းတို့သုံးဦးအပြင် ဆန်းဝင်းထွန်း၊ ရဲထွဋ်ခေါင်၊ မျိုးမင်းထက်(ခ)ဒေးဗစ်တို့ ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထို့အတွက် သက်ဝင်းနောင်(ခ)ဘောကြီး၊ စောထက်အောင်၊ အောင်ကျော်သူနှင့် မျိုးမင်းထက်(ခ)ဒေးဗစ်တို့ လေးဦးကို လူသတ်မှုသံသယဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဆိုသည်။ အမျိုးသားသုံးဦးကို အခင်းဖြစ်ပြီး နောက်တစ်နေ့ အောက်တိုဘာ(၁၅)ရက်တွင် ဖမ်းဆီးခဲ့ကာ နောက်ထပ်တစ်ဦးကို ယနေ့တွင် ထပ်မံဖမ်းဆီးခဲ့ပြီး အခြားသံသယရှိသူ နှစ်ဦးကို ဆက်လက်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးထားသူများကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းတွင် (ပ)၆၈၇)၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

သေဆုံးသူ အမျိုးသား၏ ဘောင်းဘီအိတ်တွင်းမှ IPhone8 အမျိုးအစား ဖုံးတစ်လုံးနှင့် ဝေဖြိုးနိုင်အမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဝဲရင်ဘတ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောတွင် ပြတ်ရှဒဏ်ရာ လေးချက်၊ ဂုတ်ပိုးတွင်ထိုးသွင်း ဒဏ်ရာနှစ်ချက် ရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါ အမျိုးသားသည် ကျောက်မျက် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း Mandalay In-depth News မှ စုံစမ်းသိရသည်။
သို့သော် အဆိုပါ အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍ ရန်ငြိုးရှိ၍လား၊ မည်သည့်အတွက် ယခုကဲ့သို့ ဖြစ်ပွားရသည် ဆိုသည့်အကြောင်းအရင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြေပြောကြားခြင်း မရှိသေးပေ။