Covid—19 ဖြစ်ပွားသူ နှစ်ဦး တွေ့သော်လည်း အစိုးရိမ်မလွန်ရန်နှင့် ပြည်ပမှ ပြန်လာသူများ တာဝန်သိစိတ်ဖြင့် (၁၄)ရက် သီးခြားနေထိုင်ရန် တိုက်တွန်း
ဒီဒါင်းမေ၊ မတ်-၂၄
မြန်မာနိုင်ငံတွင်း စားနပ်ရိက္ခာ ပြတ်လပ်နိုင်ခြေ မရှိဘဲ လူအုပ်စုကြား တိုးဝှေ့ဝယ်ယူခြင်းကြောင့် ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမိုများပြားသည်ကို သတိပြုရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
Covid-19 ရောဂါ ကူးစက်ခံရသူ နှစ်ဦး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ(၂၃)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ မတ်လ(၂၄)ရက်တွင် ရန်ကုန်၊ မန္တလေးမြို့များ၌ စားသောက်ကုန်နှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းသူ အများအပြား ရှိခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း သတိပေးပြောကြားခြင်း ဖြစ်သည်။
“Covid-19 ကူးစက်ခံရတဲ့သူ နှစ်ဦးတွေ့တယ်လို့ သတင်းထွက်လာတာနဲ့ တပြိုင်တည်း ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်တဲ့သူတွေလည်း ရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ လူအုပ်ထဲ သွားတိုးဝယ်လို့ ရောဂါကူးမယ့် အလားအလာက ပိုပြီးတော့ များပါတယ်။ မပြန့်သွားဖို့အတွက် ပြည်သူတွေသာ အဓိကပါ။ ပြည်သူတွေရဲ့ စိတ်တည်ငြိမ်မှု အင်အားကသာ အဓိကဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ဈေးနှင့် အရောင်းအဝယ် စင်တာများကို ပိတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားသည်။
“ဈေးဝယ်တဲ့အခါ မိသားစုလိုက် အစုအဖွဲ့လိုက် မသွားဘဲ တစ်ဦးတည်း တစ်ယောက်တည်း တာဝန်ယူပြီး မိသားစုအတွက် အမှန်တကယ် လိုအပ်တဲ့ ပမာဏကိုပဲ သွားရောက် ဝယ်ယူကြစေလိုပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင်း Covid-19 ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ Covid-19ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မတ်လ(၂၄)ရက် ညနေပိုင်းတွင် အများပြည်သူသို့ အစီရင်တင်ပြသည့် မိန့်ခွန်းပြောကြားခဲ့သည်။
Covid-19 ရောဂါ ဂယက်ကြောင့် စက်ရုံ၊အလုပ်ရုံနှင့် မြို့ရွာ အဝင်အထွက်များ ပိတ်မည်ဟု မဟုတ်မမှန် သတင်း၊ ကောလာဟလများ ထွက်ပေါ်နေသည့်အပေါ် ပြည်သူများ အနေဖြင့် အထိတ်တလန့် မဖြစ်ကြဘဲ အစိုးရဌာန အသီးသီး၏ ထုတ်ပြန်ချက်များကို လေ့လာစောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည်က မှာကြားသည်။
“ကျွန်မအနေနဲ့ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပြီး ပြည်သူတွေကို ပန်ကြားချင်တာကတော့ ကြောက်လန့်တုန်လှုပ်ခြင်း မရှိကြပါနဲ့။ ခေါင်းအေးအေးထားပြီး သတိကြီးစွာနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အခြားအစိုးရဌာနများရဲ့ ထုတ်ပြန်ထားတဲ့ Covid-19 နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအနေဖြင့် သတ်မှတ်နေရာတွင် (၁၄)ရက်ကြာ သီးခြားနေထိုင်ခြင်းကို တာဝန်သိစိတ်ဖြင့် လိုက်နာကြရန်နှင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်ပုန်းကွယ်ခြင်းများ မပြုလုပ်ကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းသည်။
“ယခုအချိန် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများ ပြည်တွင်းကို အစုလိုက် အပြုံလိုက် ပြန်ရောက် ဝင်လာနေတာကို လက်ခံလျှက်ရှိပါတယ်။ ပြန်လာသူများမှတဆင့် ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် နေအိမ် သို့မဟုတ် သတ်မှတ်နေရာများတွင် နေထိုင်စေပြီး ၁၄ ရက်တာကာလ အသွားအလာကန့်သတ်ခြင်း Home Facility Quarantine နဲ့ စောင့်ကြပ်ကြည့် ရှုခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ပြန်ရောက်လာသူများ အနေနဲ့ တာဝန်သိ တာဝန်ရှိစွာနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် စေလိုပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ ပြန်ရောက်လာသူများအနေနဲ့ စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်း မပြုကြဖို့ အရေးကြီးပါတယ်။ ကိုယ့်မှာ ကိုယ်ပူဖျားနာခြင်း ချောင်းဆိုးခြင်း မောပန်းနွမ်းနယ်ခြင်း စတဲ့ Covid 19 ရောဂါ သံသယလက္ခဏာတွေ တစုံတရာ ရှိ၊ မရှိကို ကျန်းမာရေးဌာနသို့ တယ်လီဖုန်းနဲ့ နေ့စဉ် ပုံမှန် မပျက်မကွက် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဒီသတင်း ပို့ပေးမှသာ ကျန်းမာရေးဌာန အနေနဲ့ လိုအပ်က ချက်ချင်း အခမဲ့ ကုသမှု ပေးနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ပထမဆုံးသော Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေသူ အမျိုးသားနှစ်ဦးကို ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့၌ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၂၃)ရက်ညပိုင်းတွင် ထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသား နှစ်ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

#Mandalay_Indepth_News
.