ယခုနှစ်အတွင်း စစ်ကိုင်းတံတားပေါ်မှ ခုန်ချသတ်သေသူ လေးဦးရှိခဲ့
တေဇ၊ စက်တင်ဘာ-၂၉
စစ်ကိုင်းမြို့နေ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦး စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချမူ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
“မနက် ဆယ်နာရီကျော်လောက်က ဖြစ်သွားတာ။ အခု ရေငုပ်ပြီးတော့ ရှာနေပါတယ်။ တံတားပေါ်မှာ ဆိုင်ကယ်နဲ့ ဖိနပ်တွေ့လို့ ရဲက အကြောင်းကြားလို့ ကူညီရှာဖွေနေတာပါ” ဟု အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့- စစ်ကိုင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်း(အင်းဝ)တံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချသွားသူသည် စစ်ကိုင်းမြို့ မင်းလမ်းရပ်နေ အသက် ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး မည်သည့်အတွက် ခုန်ချသည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချကာ ကိုယ့်ကိုကိုယ်သတ်သေသူ (၄)ဦးရှိခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်(၂၉)ရက်က မန္တလေးမြို့တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူတစ်ဦး စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်းခုန်ချကာ သတ်သေခဲ့သလို သြဂုတ်(၂)ရက်ကလည်း အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရတနာပုံတံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက စစ်ကိုင်းမြို့နေ အသက်လေးဆယ်နှင့် အသက်လေးနှစ်အရွယ် သားအဖနှစ်ဦး စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်းမှ သတင်းရရှိသည်။