ပြည်တော်ပြန်များကို စောင့်ကြည့်ရန်နှင့် Covid-19 ကာကွယ်ရေးအတွက် မန္တလေးတိုင်း ကျေးရွာများတွင် စေတနာ့ဝန်ထမ်းအဖွဲ့များ ဖွဲ့ရန်စီစဉ်

မြို့နယ်အချို့၌ တစ်ရွာလျှင် လူ(၃၀)ဦးခန့်ဖြင့် ဖွဲ့စည်းဖွယ်ရှိ

မောင်မင်းမော်၊ မတ်- ၂၅

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို သတ်မှတ်နေရာတွင် (၁၄)ရက်ကြာ သီးခြားနေထိုင်ခြင်း ရှိ၊မရှိ စောင့်ကြည့်ကူညီရန်နှင့် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လိုအပ်ပါက ကူညီနိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာများအလိုက် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့များ ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တစ်ရွာလျှင် (၃၀)ဦးခန့်ဖြင့် စေတနာဝန်ထမ်းအဖွဲ့ ဖွဲ့စည်းရန် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့၌ စတင်စာရင်းကောက်ယူ ပြင်ဆင်နေပြီး မြို့နယ်အချို့မှာမူ အသေးစိတ် အစီအစဉ် ရေးဆွဲရခြင်း မရှိသေးဘဲ ဆွေးနွေးတိုင်ပင်နေဆဲဟု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ် အချို့က Mandalay In-depth News အား ပြောသည်။

Covid-19 ရောဂါ ကာကွယ်ထိန်းသိမ်းနိုင်ရေး စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့များ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ(၂၃)ရက်က မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

“တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံထဲကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်လာမယ်လို့ တွက်ဆထားတဲ့အတွက် Volunteer အဖွဲ့များဟာ မဖြစ်မနေ လိုအပ်လာပါပြီ။ အကယ်၍များ Outbreak (ဖြစ်ပွားမှု) များ ဖြစ်လာခဲ့ရင် နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ရန်အတွက် ဖွဲ့စည်းခြင်း ဖြစ်ပါတယ်”ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အထက်ပါ အစည်းအဝေးတွင် ပြောသည်။


မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.
မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.

လက်ရှိတွင် မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၌ ကျေးရွာ၊ရပ်ကွက်အလိုက် တစ်ရွာလျှင် လူငယ် (၃၀)ဦးနှုန်း ပါဝင်သော စေတနာ့ဝန်ထမ်းအဖွဲ့ ဖွဲ့စည်းရန် စာရင်းကောက်ယူခြင်းများ လုပ်ဆောင်မည်ဟု မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အတွက် ရမည်းသင်းမြို့နယ်အတွင်း စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရန် စိတ်ပါဝင်စားသော လူငယ်များ အမျိုးသား၊အမျိုးသမီး မရွေး စာရင်း‌ပေးနိုင်‌ပြီး မြို့မိ၊မြို့ဖများမှလည်း ကျရာအခန်းကဏ္ဏမှ ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထား‌ကြောင်း ထုတ်ပြန်ထားသည်။


မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.
မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.

ရမည်းသင်းမြို့နယ်တွင် ဇန်နဝါရီလကုန်ပိုင်းမှ မတ်လ(၂၂)ရက်အထိ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ (၂၃၀၀)ကျော် ရှိသည်ဟု ဆိုသည်။ အခြားမြို့နယ်များတွင်လည်း တရုတ်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူ အများအပြားရှိနေသည်။ လက်ရှိတွင် အထက်ပါ ပြည်တော်ပြန် အလုပ်သမားများကို ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှု့လျက်ရှိသည်ဟု ဆိုသည်။

စဉ့်ကိုင်၊ မိုးကုတ်စသည့် မြို့နယ်များတွင်လည်း စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့များ ဖွဲ့စည်းရန် စီစဉ်နေသည်ဟု ယင်းမြို့နယ် တာဝန်ရှိသူများက ဆိုသည်။


မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.

မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.
 

မြန်မာနိုင်ငံအတွင်း Covid-19ရောဂါ ဖြစ်ပွားသူ စတင်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူ အားလုံးနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများ အနေဖြင့် နေအိမ် သို့မဟုတ် သတ်မှတ်နေရာတွင် (၁၄)ရက်ကြာ သီးခြားနေထိုင်ကာ စစ်ကြည့်စစ်ဆေးမှု ခံယူရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က အသိပေးထုတ်ပြန်သည်။

ယနေ့ မတ်လ(၂၅)ရက်အထိ မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ဖြစ်ပွားသူ အမျိုးသား သုံးဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ Covid-19 ရောဂါ ဖြစ်ပွားသူ သုံးဦးမှာ အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ ဝေဘာဂီဆေးရုံ၌ နှစ်ဦးနှင့် ချင်းပြည် တီးတိန်မြို့ဆေးရုံ၌ တစ်ဦး ထားရှိကာ စောင့်ကြည့်ကုသပေးလျှက် ရှိသည်ဟု ဆိုသည်။


မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.

မိတ္ထီလာမြို့နယ်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို ပညာပေးစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်/ Photo – Mdy Region GAD.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်