Mandalay In-depth News. နိုဝင်ဘာ-၂၁
ထိုင်းနိုင်ငံသို့ တစ်လနီးပါးကြာ သွားရောက် ဆေးဝါးကုသမှု ခံယူနေရသော မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရပြီး ဆေးသွင်းကာ အနားယူနေရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ 7Day TVက ဒေါက်တာမျိုးညွန့်ကို မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားကြောင်း နိုဝင်ဘာ(၂၁)ရက် နံနက်ပိုင်းတွင် ထုတ်လွှင့်သည့် 7Day TV၏ ရုပ်သံသတင်းတွင် ပါရှိသည်။
“သွေးကင်ဆာရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ အဲ့တော့ ဒီရောဂါရဲ့ အတိမ်အနက်ကို ကျွန်တော်တို့ မသိရသေးပါဘူး။ ဆေးသွင်းထားပါတယ်။ ဆေးသွင်းတဲ့အတွက် ပင်ပန်းတဲ့အတွက် အနားယူနေပါတယ်။ အခု ကျွန်တော်တို့ ခောတ်သစ်ဆေးပညာအရ သွေးကင်ဆာဟာ ကုသလို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ ဒီရောဂါကို ထိန်းသိမ်းထားလို့ ရပါတယ်။ အထူးသဖြင့် အသက်ကြီးမှ ပေါ်လာတာ ဖြစ်တဲ့အတွက် ဒီရောဂါဟာ ပြင်းထန်ခြင်း မရှိပါဘူး။ လတ်တလော အနားယူနေပေမယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မကြာခင်မှာ တာဝန်များကို ပြန်လည်ထမ်းဆောင် နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က 7Day TV သို့ ပြောသည်။

လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ အဖြစ်လည်း တာဝန်ယူထားသည့် အသက်(၆၈)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ(၂၄)ရက် နောက်ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မည်သည့်ရောဂါဖြစ်ပွား၍ မည်သို့ ကုသမှုခံယူနေရသည် ဆိုသည်ကို ဒီချုပ်ပါတီ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားခြင်း မရှိခဲ့ပေ။ မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဒီချုပ်ပါတီ မန္တလေးတိုင်း ဥက္ကဌတို့က ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးအရ စိုးရိမ်စရာမရှိဘဲ အစိုးရနှင့် ပါတီအတွက် အလုပ်နှစ်ခု ပူးတွဲ လုပ်ဆောင်နေရ၍ ပင်ပန်းကာ ထိုင်းနိုင်ငံတွင် အနားယူ ကုသနေခြင်းဖြစ်သည်ဟုသာ ပြောဆိုထားသည်။
ယနေ့ နိုဝင်ဘာ(၂၁)ရက် နံနက်တွင်မူ ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မိသားစုဝင်အချို့တို့နှင့်အတူ အတူယှဉ်တွဲရိုက်ကူးထားသည့် ဓါတ်ပုံတစ်ပုံ လူမူကွန်ယက်တွင် ပျံ့နှံ့လာသည်။
ဒေါက်တာဇော်မြင့်မောင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာခြင်း ရှိ၊မရှိ မေးမြန်းနိုင်ရန် ဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ထံ Mandalay In-depth News မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာ(၁)ရက်ကမူ ဆေးဝါးကုသမှု ခံယူနေရသည့် ဒေါက်တာဇော်မြင့်မောင် အမြန်ကျန်းမာစေရန် အတွက် ဟုဆိုကာ ကျောက်ပန်းတောင်းမြို့တွင် ဒေသခံတစ်ရာကျော်က မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့သေးသည်။
လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည်။
လူမူကွန်ယက်တွင် ပျံ့နှံ့လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်နှင့် မိသားစုဝင်များ။ Photo – Nyan Wai Phyo FB.