တေဇ၊ အောက်တိုဘာ-၁
မန္တလေး-လားရှိုး ရထားခရီးစဉ်တစ်ခုတွင် ပစ္စည်းတင်စင်ပေါ်ရှိ နိုင်ငံခြားသူတစ်ဦး၏ ခရီးဆောင်အိတ်ကို ခိုးယူသူတစ်ဦးအား ဂုတ်ထိပ်ကျေးရွာ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်ဘူတာတွင် မသင်္ကာဖွယ်ရာ အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာမှ နိုင်ငံခြားသူတစ်ဦး၏ ခရီးဆောင်အိတ် ခိုးယူသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
စက်တင်ဘာ(၂၉)ရက် နေ့လည်ပိုင်းက အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမှတ်(၁၃၁) မန္တလေး-လားရှိုး အဆန်ရထားဖြင့် မန္တလေးမှ လားရှိုးသို့ လိုက်ပါလာခဲ့ပြီး ဂုတ်ထိပ်ဘူတာအနီး အရောက်၌ တစ်တွဲတည်း အတူလိုက်ပါလာသည့် နိုင်ငံခြားသူ တစ်ဦး၏ ခရီးဆောင်အိတ်ကို ခိုးယူ၍ ရထားပေါ်မှ ပစ်ချခဲ့သည်။
အဆိုပါ မန္တလေး-လားရှိုး အဆန်ရထား ပစ္စည်းတင်စင်ပေါ်တွင် တင်ထားသည့် ခရီးဆောင်အိတ်အား ခိုးယူကာ ပစ်ချခဲ့ခြင်းဖြစ်ပြီး ဂုတ်ထိပ်ဘူတာတွင် ရထားရပ်စဉ် အဆိုပါအိတ်အား သွားရောက်ကောက်ယူရန် ရထားပေါ်မှ ဆင်းလာချိန်တွင် ရဲတပ်ဖွဲ့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် ရထားပေါ်မှ ပစ်ချခဲ့သည့် ခရီးဆောင်အိတ်အား လိုက်လံရှာဖွေရာ ဂုတ်ထိပ်ကျေးရွာအနီး ရထားလမ်း မိုင်တိုင် (၄၁၆/၁၂-၁၃)ကြား၌ တွေ့ရှိခဲ့ပြီး ခရီးဆောင်အိတ်အတွင်း အမေရိကန်ဒေါ်လာ (၁၃)ဒေါ်လာ၊ အင်ဒိုနီးရှားငွေ (၅၀၈၀၀)ရူပီးရား၊ ဗီယက်နမ်ငွေ (၄၀၀၀၀)ဒေါင်၊ တရုတ်ငွေ (၅၅၀)ယွမ်၊ Apple တံဆိပ်ပါ ဖုန်းဘတ္ထရီ တစ်လုံး၊ ဖုန်းအားသွင်းကြိုး ငါးချောင်း၊ ဆေးဝါးများ၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများ ပါဝင်သည်ဟု ဆိုသည်။
နိုင်ငံခြားသူတစ်ဦး၏ ခရီးဆောင်အိတ် ခိုးယူမူနှင့်ပတ်သက်၍ အသက်(၄၁)နှစ်အရွယ် သိန်းထွန်း(ခ) ဘာဘူဆိုသည့် အမျိုးသားကို နောင်ချိုမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄(ခိုးမှု)ဖြင့် ဖမ်းဆီးအမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးနေသည်ဟု ဆိုသည်။
ခရီးဆောင်အိတ် ခိုးယူခံရသူမှာ အသက်(၂၃)နှစ်အရွယ် ကနေဒါနိုင်ငံသူဖြစ်ပြီး သီပေါမြို့သို့ သွားရောက်လည်ပတ်သူဖြစ်ကာ ခရီးဆောင်အိတ် ပြန်လည်ပေးအပ်ရန် ၎င်းထံ ဆက်သွယ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။