Mandalay In-depth News၊ မတ်-၂၄
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် အလှူ၊ မင်္ဂလာဆောင်၊ နတ်ပွဲနှင့် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင် အခမ်းအနားများ မနက်ဖြန် မတ်လ(၂၅)ရက်မှ စတင်ကာ ကျင်းပခွင့်ပြုတော့မည် မဟုတ်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ယနေ့ မတ်လ(၂၄)ရက်တွင် အများပြည်သူသို့ အသိပေးညွှန်ကြားသည်။
သိရှိလိုက်နာ ဆောင်ရွက်သွားရန် ဟုဆိုကာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများမှ ပေးပို့သည့် ညွှန်ကြားစာတွင် မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားသူ နှစ်ဦး စတင်တွေ့ရှိရသည့်အတွက် ယင်းရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အလှူ၊မင်္ဂလာဆောင်၊ နတ်ပွဲများ ကျင်းပခွင့်ပြုတော့မည် မဟုတ်သလို အစားအသောက်များ တည်ခင်းရောင်းချသည့် ဈေးဆိုင်များအနေဖြင့်လည်း ဝိုင်းဖွဲ့စားသောက်ခြင်း ခွင့်မပြုဘဲ ပါဆယ်သာ ရောင်းချကြရန်ဟု ဖော်ပြထားသည်။
“စားသောက်ဆိုင် (လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ခေါက်ဆွဲဆိုင်၊ မုန့်တီဆိုင်၊ အအေးဆိုင်၊ ဘီယာဆိုင်၊ အဖျော်ယမကာဆိုင်၊ ဟော့ပေါဆိုင် စသည့် အစားအစာများ တည်ခင်းရောင်းချသောဆိုင်)များအား မတ်လ(၂၅)ရက်မှ စ၍ ဆိုင်အတွင်း ဝိုင်းဖွဲ့ စားသောက်မှု (ထိုင်စား)အား လုံးဝ(လုံးဝ) ခွင့်မပြု တားမြစ်ပါကြောင်းနှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း၊ ရပ်ကွက်အတွင်း အလှူပွဲ၊ မင်္ဂလာပွဲ၊ နတ်ပွဲများ၊ အခြား လူစုလူဝေး ဖြစ်ပေါ်စေသော မည်သည့်ပွဲမဆို လုံးဝ(လုံးဝ) ခွင့်မပြုပါကြောင်း”ဟု သိရှိလိုက်နာရန် အကြောင်းကြားစာတွင် ဖော်ပြထားသည်။
အဆိုပါ အလှူ၊မင်္ဂလာဆောင်၊နတ်ပွဲနှင့် ပွဲလမ်းသဘင်များ ပိတ်ပင်ခြင်းသည် မန္တလေးတစ်တိုင်းလုံးတွင် ညွှန်ကြားခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့က Mandalay In-depth News အား ပြောသည်။
“အလှူ၊မင်္ဂလာဆောင်ပွဲတွေ ကျင်းပခွင့် မပြုတော့ဘူးဆိုတာ ဒီနေ့ပဲ ညွှန်ကြားစာ ထုတ်တာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေကနေ ရပ်ကွက်၊ကျေးရွာတွေကို ထပ်ပြီး ညွှန်ကြားတယ်လို့ သိရပါတယ်”ဟု စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက ပြောသည်။
Covid-19 ရောဂါသည် လူစုလူဝေး များပြားသည့် နေရာများတွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနိုင်သော သြင်္ကန်ပွဲတော် မဏ္ဍပ်ဆောက်လုပ်ခြင်း အပါအဝင် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင် အခမ်းအနားများ ဧပြီလကုန်အထိ ကျင်းပခွင့် ပြုမည်မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မတ်လ(၁၃)ရက်ကတည်းက အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ ပထမဆုံးသော Covid-19 ရောဂါ ကူးစက်ဖြစ်ပွားနေသူ အမျိုးသားနှစ်ဦးကို ချင်းပြည်နယ် တီးတိန်မြို့နှင့် ရန်ကုန်မြို့၌ စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ်လ(၂၃)ရက်ညပိုင်းတွင် ထုတ်ပြန်သည်။
အမေရိကန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး ချင်းပြည်နယ် တီးတိန်မြို့၌ နေထိုင်သည့် အသက်(၃၆)နှစ်အရွယ် အမျိုးသားနှင့် အင်္ဂလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာပြီး ရန်ကုန်မြို့ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ စောင့်ကြည့်စစ်ဆေးမှု ခံယူနေသည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားတို့တွင် ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် အဆိုပါ အမျိုးသားနှစ်ဦးကို တီးတိန်မြို့ ဆေးရုံနှင့် ရန်ကနု်မြို့ ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
အဆိုပါ အမျိုးသား နှစ်ဦးနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်သည့် အသိပေး ညွှန်ကြားစာ/ Photo – Mandalay In-depth news
#Mandalay_Indepth_News
.