မန္တလေးမြို့အနီး ရေတံခွန်တောင် ဂေါက်ကွင်းသွား လမ်းဘေးရှိ ကြက်ကြော်ဆိုင် အများအပြား ဖျက်သိမ်းရန် အမိန့်ထုတ်

လက်ရှိတွင် ဈေးဆိုင်ငယ်အများစု ဖျက်သိမ်းထားပြီး ဈေးသည်များ အခက်တွေ့နေ

မောင်မင်းမော်၊ မတ်- ၂၂

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေတံခွန်တောင်ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ တရားမဝင် ဖွင့်လှစ်‌ရောင်းချ‌‌နေသည့် ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်များ ရက်ပိုင်းအတွင်း အပြီးဖျက်သိမ်းရန် မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သတိပေးစာ ထုတ်ပြန်ထားပြီး ဖျက်သိမ်းခြင်း မရှိပါက တရားစွဲဆို အရေးယူမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက Mandalay In-depth News အား ပြောသည်။

အဆိုပါ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်များ ဖျက်သိမ်းပေးရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကတည်းက သတိပေးစာ ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ဆိုင်ပိုင်ရှင်များထံသို့လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်သည်ဟု မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာ တာဝန်ရှိသူများက ဆိုသည်။

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw
ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

ရေတံခွန်တောင် ဂေါက်ကွင်းသွားလမ်းဘေးရှိ ကြက်ကြော်ဆိုင်များနှင့် ဈေးဆိုင်များသည် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှု မရှိခြင်း၊ လုပ်ငန်းလိုင်စင်နှင့် အဆောက်အဦ ဆောက်လုပ်ခွင့် လျှောက်ထားမှု မရှိခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်သည့် ဈေးဆိုင်အရေအတွက် များပြားလာခြင်းတို့ကြောင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်များအား  အပြီးဖျက်သိမ်းရန် သတိပေးစာ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မွန်လတ်က ရှင်းပြသည်။

ဖျက်သိမ်းခြင်း မရှိသည့်ဆိုင်များကို သက်ဆိုင်ရာဌာနများက တရားစွဲဆို အရေးယူရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။

“လယ်ယာမြေပေါ်မှာ အသုံးချခွင့်လည်း မရှိဘူး။ အဆောက်အအုံ ဆောက်လုပ်ခွင့်လည်း သူတို့ တင်ပြထားတာ မရှိဘူး။  နောက်ပြီးတော့ လုပ်တဲ့လုပ်ငန်းအနေနဲ့ကလည်း ခွင့်ပြုချက် မရှိဘူး။ အားလုံးက တစ်ခုမှ မရှိဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ဒီအပေါ်မှာ လုပ်တဲ့သူက နည်းနည်းများလာတော့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ သူတို့ဆီကို Notice (သတိပေးချက်) ပေးထားပြီးပြီ။ မလိုက်နာဘူး ဆိုရင်တော့ အရေးယူတော့မှာ”ဟု ဦးအောင်မွန်လတ်က Mandalay In-depth News အား ပြောသည်။

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw
ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

သို့သော် လယ်ယာမြေပေါ် မဟုတ်ဘဲ ရွာမြေပေါ်၌ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောက်လုပ်ရောင်းချနေသည့် ဈေးဆိုင်များမှာမူ ဖျက်သိမ်းရန်မလိုဘဲ ပုံမှန်ဖွင့်လှစ် ရောင်းချခွင့် ရှိသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် တရားမဝင် ဖွင့်လှစ်ရောင်းချနေသဖြင့် ဖျက်သိမ်းရန် သတိပေးစာ ပေးပို့ထားသည့် ဈေးဆိုင်များအနေဖြင့် အဆိုပါ နေရာများတွင် တရားဝင် ဆောက်လုပ်ရောင်းချလိုကြောင်း လျှောက်ထားမည်ဆိုပါက သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် အညီ စီစစ်ခွင့်ပြုပေးမည်ဟု ဦးအောင်မွန်လတ်က ပြောသည်။

“လုပ်ချင်တယ် ဆိုရင်တော့ သူတို့ လျှောက်လို့ ရတာပေါ့။ ဥပဒေနဲ့အညီ ရတယ်။ ဒါပေမယ့် လယ်ယာမြေ ဖြစ်နေတဲ့အတွက် ပေးတဲ့ အချိန်ကြရင်တော့ သေချာစိစစ်ပြီးတော့ ဆောင်ရွက်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

မတ်လ(၂၅)ရက် နောက်ဆုံးထားကာ ဖျက်သိမ်းရန် သတိပေးစာတွင် ပါရှိပြီး လက်ရှိတွင် လမ်းဘေးဝဲယာရှိ ဈေးဆိုင်ငယ်အများစုမှာ တရားစွဲဆိုခံရမည်ကို စိုးရိမ်၍ ဖျက်သိမ်းထားပြီး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw
ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

လွန်ခဲ့သည့် တစ်နှစ်ခန့်အထိ အဆိုပါနေရာတွင် တစ်နိုင်တစ်ပိုင် ရောင်းချသည့် ကြက်ကြော်ဆိုင် အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါ လယ်မြေများကို မြေဖို့၍ ဆိုင်ကြီးများ ဆောက်လုပ်မှု များပြားလာကြောင်း၊ ထိုသို့ ဆိုင်အ‌ရေအတွက် ပိုပိုများ့ပြားလာခြင်း‌ကြောင့် အုပ်ချုပ်ရေးအဖွဲ့များက ဖျက်သိမ်းခိုင်းခြင်း ဖြစ်နိုင်ကြောင်း ရှင်တော်ကုန်းကျေးရွာနှင့် ကွေ့(ဂွေ့)ကြီးကုန်းကျေးရွာ ဒေသခံအချို့က Mandalay In-depth News အား ပြောသည်။

တရားမဝင်ဟုဆိုကာ ဈေးဆိုင်များ ဖျက်သိမ်းခိုင်းခြင်းကြောင့် ဒေသခံများ နစ်နာပြီး အသနားခံစာ တင်ပြရန် စီစဉ်နေသည်ဟု အဆိုပါလမ်းဘေးတွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနားနေလာတာ ၁၈နှစ်လောက် ရှိပြီ။ ဘာမှ မဖြစ်ဘူး။ ကိုကလည်း မဟုတ်တာ ဘာမှ မရောင်းဘူး‌လေ။ အခုကတော့ ကြားညှပ်ခံရတာပေါ့” ဟု ၎င်းက ပြောသည်။ ၎င်း၏ ဆိုင်တွင် ထန်းရည်၊ အရက်၊ ဘီယာစသည့်များ ရောင်းချခြင်းမရှိဟု ဆိုသည်။

ထို့အပြင် တရားမဝင် လယ်ယာမြေပေါ် ဆောက်လုပ်ရောင်းချသည်ဟု ဆိုလျှင် စတင်ဆောက်လုပ်စဉ် ကတည်းက လာရောက်တားမြစ်သင့်သော်လည်း ထိုသို့ ပိတ်ပင်ခြင်းမရှိဘဲ ဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ ဈေးရောင်းနေချိန်မှ ဖျက်သိမ်းရန် အမိန့်ထုတ်ခြင်းသည် မဖြစ်သင့်ကြောင်း ကြက်ကြော်ဆိုင်ရှင်အချို့က ဝေဖန်သည်။

အဆောက်အဦး ဆောက်လုပ်ခြင်းနှင့် ဝန်ထမ်းစရိတ် အပါအဝင် ကြက်ကြော်ဆိုင် ဖွင့်လှစ်ရန် ငွေကြေးအများအပြား ရင်းနှီးထားရပြီး ယခုကဲ့သို့ ဖျက်သိမ်းခိုင်းခြင်းကြောင့် နစ်နာကြောင်း ကြက်ကြော်ဆိုင်တစ်ဆိုင်မှ အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw
ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

ဂွေ့ကြီးကုန်း ကြက်ကြော်ဆိုင်တန်းဟု ခေါ်သည့် မန္တ‌လေးမြို့ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေတံခွန်တောင် ဂေါက်ကွင်းသွား လမ်းဘေးဝဲယာတွင် ထန်းရည်နှင့် ကြက်ကြော်ရောင်းချသည့် ဆိုင်များအပါအဝင် ဈေးဆိုင် (၅၀)မှ (၁၀၀)ခန့်အထိ ရှိနိုင်သည်။ သဘာဝရှု့ခင်း လှပသလို လယ်ကန်သင်းရိုးနှင့် လယ်ကွင်းပြင်များတွင်  တဲအိမ်များဆောက်ကာ ရောင်းချသည့် အဆိုပါ ကြက်ကြော်ဆိုင်များသို့ မန္တလေးမြို့ခံ အများအပြား လာရောက်လည်ပတ် အပန်းဖြေလေ့ ရှိသည်။

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီတို့၏ သတိပေးစာများတွင် တရားမဝင် ဖွင့်လှစ်ထားသည့်ဆိုင်များ မတ်လ(၂၅)ရက်အတွင်း အပြီး ဖျက်သိမ်းခြင်း မရှိပါက လယ်ယာမြေဥပဒေ၊ စည်ပင်သာယာ ဥ့ဒေများဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

ရေတံခွန်တောင် ဂေါက်ကွင်းသွား ကားလမ်းဘေးရှိ ကြက်ကြော်ဆိုင်နှင့် ဈေးဆိုင်အချို့/ Photo – Mg Min Maw

#Mandalay_Indepth_News #Mandalay_News

#ကြက်ကြော်ဆိုင် #ဂွေ့ကြီးကုန်းကြက်ကြော်ဆိုင် #ရေတံခွန်တောင်ဂေါက်ကွင်းသွားလမ်း

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်