မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အား တပ်မတော်အရာရှိက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲမှု ရုံးထုတ်စစ်ဆေး

မောင်မင်းမော်၊ နိုဝင်ဘာ-၂၂

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်အား တပ်မတော်အရာရှိတစ်ဦးက ပုဒ်မ(၅၀၀) ဖြင့် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ယနေ့ နိုဝင်ဘာ ၂၂ရက်တွင် မန္တလေးမြိုှု ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ကာ နှစ်ဘက်ရှေ့နေများ ပါဝါတင်ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသသည် သတင်းမီဒီယာတစ်ခုနှင့် အင်တာဗျူး ဖြေဆိုရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေသည့် စကားအသုံးအနှုံးများ ပြောဆိုသည်ဟုဆိုကာ ဆရာတော်အား အရေးယူပေးရန် တပ်မတော် ဒု-ဗိုလ်မှူးကြီးတစ်ဦးက စက်တင်ဘာလဆန်းတွင် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်နှင့် တရားရုံးသို့ လာရောက်သည့် ဆရာတော်၊သံဃာတော်များ။ Photo – Mg Min Maw (Mandalay In-depth News).

ယင်းအမှုနှင့်ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ(၅၀၀)ဖြင့် အမှုကို လက်ခံခဲ့ပြီး နိုဝင်ဘာ(၇)ရက် ရုံးချိန်းတွင် ဆရာတော်အား တရားရုံးသို့ဆင့်ခေါ်ကာ သံဃာတော်တစ်ပါး ဖြစ်သည့်အတွက် အခြားသူများ အာမခံစရာမလိုဘဲ ကိုယ်တိုင်ခံဝန်ဖြင့် ကျပ်သိန်းတစ်ရာတန် အာမခံပေးခဲ့သည်။

အမှုအား ဆက်လက်စစ်ဆေးရန် ဒီဇင်ဘာ(၆)ရက်တွင် ရုံးချိန်းခေါ်ယူပြီး ယင်းအမှုအား ရက်ပေါင်း(၂၇၀) (၉)လအတွင်း အပြီးပြတ် စစ်ဆေးနိုင်ရန် ညှိနှိုင်းဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအောင်ကျော်ဦးက Mandalay In-depth News သို့ ပြောသည်။

“ဒီအမှုကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးစစ်ဆေးဖို့ Program (အစီအစဉ်) ဆွဲထားပါတယ်”ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ယနေ့ ရုံးချိန်းသို့ တရားလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း တပ်မှူး ဒုတိယဗိုလ်မှူးကြီး သော်တာထွေး၊ တရားစွဲဆိုခံရသူ မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသ တို့ လာရောက်ခဲ့သလို ဆရာတော်၊သံဃာတော်အချို့ လာရောက်ဝန်းရံခဲ့သည်။

တရားလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း တပ်မှူး ဒုတိယဗိုလ်မှူးကြီး သော်တာထွေး /Photo – Mandalay In-depth news

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၀ သည် သူတစ်ပါးအား နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ပုံသဏ္ဍာန်အားဖြင့် ဖြစ်စေ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ပြုလုပ်မူအပေါ် စွဲဆိုသော ပုဒ်မ ဖြစ်သည်။ ယင်းပုဒ်မသည် ရဲအရေးမပိုင်ဘဲ တရားရုံးသို့ ဦးတိုက်လျှောက်ထားသော ပုဒ်မဖြစ်ကာ ကျူးလွန်ပါက ထောင်ဒဏ် (၂)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်နှင့် တရားရုံးသို့ လာရောက်သည့် ဆရာတော်၊သံဃာတော်များ။ Photo – Mg Min Maw (Mandalay In-depth News).

ပြီးခဲ့သည့် မေလအတွင်းကလည်း တပ်မတော်ကို ဝေဖန်သည့် စာများ လူမူကွန်ယက်တွင် ရေးသားခဲ့သည်ဟုဆိုကာ မန္တလေးမြို့တွင် သီတင်းသုံးနေထိုင်သည့် ရွှေဝါရောင် ဆရာတော် ဦးစိန္တိတအား အရေးယူပေးရန် တပ်မတော်အရာရှိတစ်ဦးက ပြည်ကြီးတံခွန်မြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သေးသည်။ အဆိုပါ ဦးတိုက်လျှောက်ထားမူနှင့် ပတ်သက်၍ ဇူလိုင်လတွင်  မြို့နယ်တရားရုံးက အမူကို ပလပ်ခဲ့သည်။

မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်နှင့် တရားရုံးသို့ လာရောက်သည့် ဆရာတော်၊သံဃာတော်များ။ Photo – Mg Min Maw (Mandalay In-depth News).

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်