မန္တလေးတွင် ချိန်းတွေ့နေသည့် သမီးရည်းစားကို ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့်ဖုန်းလုယက်၊ အမရပူရနှင့် တံတားဦးတွင်လည်း လုယက်မှုများ နှစ်ရက်ဆက်ဖြစ်

ကျူးလွန်သူများကို ဖမ်းမမိသေးဘဲ အမရပူရနှင့် တံတားဦးတို့တွင်လည်း လုယက်မှုများ နှစ်ရက်ဆက်ဖြစ်

ဘုံကမ္ဘာထွန်း၊ အောက်တိုဘာ-၂၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်  မီးရထားသံလမ်းအနီး ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့စကားပြောနေသည့် သမီးရည်းစားစုံတွဲကို အမျိုးသားသုံးဦးက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်ခဲ့မှု အောက်တိုဘာ(၂၄)ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အသက်(၂၀)ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲသည် အောက်တိုဘာ(၂၄)ရက် ည(၁၀)နာရီခန့်က မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၊ ၃၈လမ်း၊ ၅၉လမ်းနှင့် လမ်း၆၀ ကြား၊ မီးရထားသံလမ်းအနီးတွင် ဆိုင်ကယ်ရပ်ကာ ချိန်းတွေ့ စကားပြောနေစဉ် အမျိုးသားသုံးဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလားပြီး တစ်ဦးက ဓားဖြင့် ဝင်ခုတ်ကာ လုယက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ အမျိုးသားသုံးဦးအနက် တစ်ဦးက ချိန်းတွေ့နေသည့် အမျိုးသားကို ဓါးဖြင့်ခုတ်ကာ အမျိုးသမီးကို တွန်းလဲှခဲ့ပြီး Honda Scoopyi အမျိုးစားဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လုယက်ထွက်ပြေးခြင်း ဖြစ်ကြောင်း  ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။ ဓါးရှည်ဖြင့် ခုတ်ခံရသည့် အမျိုးသားတွင် ထိခိုက်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဆိုသည်။

ထိုသို့ ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်နှင့်ဖုန်း လုယက်သည့် အမျိုးသားများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက Mandalay In-depth News သို့ အောက်တိုဘာ(၂၆)ရက်တွင် ပြောသည်။

အဆိုပါ လုယက်မှုနှင့်ပတ်သက်၍  အမည်မသိ အမျိုးသားသုံးဦးကို မဟာအောင်မြေမြို့နယ် အမှတ်(၉) မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄၊၁၁၄ (လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ(၂၃)နှင့် (၂၄)ရက်များကလည်း အမရပူရနှင့် တံတားဦးမြို့နယ်များတွင် ဆိုင်ကယ်ကို တားဆီးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်မှုများ နှစ်ရက်ဆက် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အောက်တိုဘာ(၂၃)ရက် ည(၁၀)နာရီကျော်အချိန်က အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ရွှေဂူကြီးဘုရားမှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် စြင်္ကာသီဟ ဘုန်းကြီးကျောင်းအနီးတွင် အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ကို တားဆီးကာ  ဓါးထောက်လုယက်ခဲ့သည်။ ထိုသို့ လုယက်နေချိန် ၎င်းအမျိုးသမီး၏ ခင်ပွန်း ကားဖြင့်ရောက်လာရာ လုယက်သူနှစ်ဦးက ဓါးဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့သည်။ အဆိုပါအမှုတွင်မူ ဓါးထောက် လုယက်သူနှစ်သီးကို ဖမ်းဆီးထားနိုင်ပြီး အမရပူရ မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ (လုယက်စဉ် နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အမရပူရမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဓါးထောက်လုယက်မှုနှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးထားစဉ်။

ထို့အပြင် အောက်တိုဘာ(၂၄)ရက် နေ့လည် (၁၂)နာရီခန့်က တံတားဦး – ပလိပ် ကားလမ်းအတိုင်း ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦးကို မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးမှ လမ်းပိတ်ရပ်တားဆီးကာ ဆိုင်ကယ်လဲကျအောင် ပြုလုပ်ပြီးနောက် ရာမဟာFZ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို လုယက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ လုယက်မှုနှင့် ပတ်သက်၍မူ ကျူးလွန်သူ အမရပူရမြို့နယ်နေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားပြီး တံတားဦးမြို့မရဲစခန်းတွင်  ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂ (ခိုးမှု)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်