မန္တလေးမြို့၌ တရုတ်နိုင်ငံသားများ ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း ရှိ၊မရှိ စစ်ဆေး၊

မဟာအောင်မြေမြို့နယ်တွင် တရုတ်အချို့ ထွက်ပြေးသော်လည်း ပြန်မိဟုဆို

သူရိန်မင်း၊ မတ်-၂၅

မန္တလေးမြို့၌ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှု ရှိ၊မရှိနှင့် ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း ရှိ၊မရှိ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က)၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ မတ်လ(၂၄)ရက်ညပိုင်းက ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ရှိ အိမ်ရာတိုက်ခန်းများ အပါအဝင် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ၌ ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 Photo –  မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/
Photo – မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/

မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ စားသောက်ဆိုင် နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား နှစ်ဦး ထွက်ပြေးသဖြင့် ပြန်လည်ဖမ်းဆီးခဲ့ရပြီး အဆိုပါ အိမ်၌ တရုတ်နိုင်ငံသား (၁၀)ဦးခန့် တွေ့ရှိခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သူများက ပြောသည်။ အဆိုပါ တရုတ်နိုင်ငံသားများနှင့် ပတ်သက်၍ တရားဝင်နေထိုင်းခြင်း ဟုတ် မဟုတ်နှင့် ဗီဇာသက်တမ်း ရှိ၊မရှိတို့ကို ဆက်လက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့က စည်းကမ်းချက်နဲ့ အညီ နေထိုင်ခြင်း ရှိ၊မရှိကို စစ်ဆေးခြင်း ဖြစ်တယ်။ ဝင်စစ်အချိန်မှာလည်း နှစ်ဦး ထွက်ပြေးတယ်။ နောက်ပြီး မာကျောက်ကစားနေတာလည်း တွေ့တယ်။ အခု တွေ့ရှိတဲ့ သူတွေ့ရဲ့ ကုမ္ပဏီတွေကို ဆက်သွယ်ထားပြီး စစ်ဆေးနေပါတယ်၊၊ တစ်ချို့ဆို နိုင်ကတ်ပြား(နိုင်ငံသားစိစစ်ရေးကတ်-မှတ်ပုံတင်) ကိုင်ဆောင်သူတွေလည်း ပါတယ်၊ စစ်ဆေးပြီးလို့ စည်ကမ်းချက်နဲ့ မညီရင်တော့ ဥပဒေအရ အရေးယူမှုတွေ လုပ်သွားမှာပါ” ဟု ဝင်ရောက်စစ်ဆေးရာတွင် ပါဝင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ(၂၄)ရက် ညပိုင်းက ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ အိမ်ရာ တိုက်ခန်းများအား နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ သွားရောက်ရှာဖွေ စစ်ဆေးရာ တိုက်ခန်းတစ်ခန်း၌ တရုတ်နိုင်ငံသား (၃)ဦးကို တွေ့ရှိသဖြင့် မေးမြန်းရာ Forn C (နိုင်ငံခြားသား ရောက်ရှိနေထိုင်ကြောင်း လ.ဝ.ကဌာနသို့ သတင်းပို့ခြင်း) ဖြင့် နေထိုင်ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။

 Photo –  မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/
Photo – မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/

ဖေဖေါ်ဝါရီလဆန်းပိုင်းကလည်း မန္တလေး မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် လမ်း၈၀အနီးရှိ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံသား(၁၂)ဦး တရားမဝင် နေထိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ သင်္ဃကျွန်းမြို့နယ်ရှိ နေအိမ်နှစ်အိမ်၌ တရားမဝင် နေထိုင်သူများ အပါအဝင် တရုတ်နိုင်ငံသား (၁၀၀)ကျော် ရောက်ရှိနေထိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက သတင်းမီဒီယာများသို့ ပြောသည်။

 Photo –  မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/
Photo – မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၌ ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများ/ Photo – Supply.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်