နှစ်လအတွင်း လေးယောက်မြောက် တံတားပေါ်မှ ခုန်ချခြင်းဖြစ်ပြီး ယခုနှစ်အတွင်း တံတားပေါ်မှ ခုန်ချသတ်သေသူ ငါးဦးရှိခဲ့
မောင်မင်းမော် ၊ စက်တင်ဘာ-၃၀
စစ်ကိုင်းမြို့ရှိ ပရဟိတ ပညာသင်ကျောင်း တက်ရောက်နေသည့် ကိုးတန်းကျောင်းသူ သီလရှင် ဆရာလေးတစ်ပါးသည် ယနေ့ နံနက် (၁၁)နာရီကျော် အချိန်က စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်း ခုန်ချမူ ဖြစ်ပွားခဲ့သည်။
အဆိုပါ သီလရှင်ဆရာလေးသည် ရတနာပုံတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကို စစ်ကိုင်း(အင်းဝ)တံတားဟောင်း ဘက်တွင် ရှိနေသည့် ကယ်ဆယ်ရေးအဖွဲ့များက မြင်တွေ့ခဲ့ပြီးနောက် သွားရောက်ကယ်ဆယ်ခဲ့ရာ အသက်မသေဘဲ အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်း အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။
ယမန်နေ့က စစ်ကိုင်းမြို့နေ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်း ခုန်ချခဲ့ပြီး ၎င်းအမျိုးသားကို ရေငုပ်အဖွဲ့များဖြင့် လိုက်လံရှာဖွေနေချိန် ယခုကဲ့သို့ နောက်ထပ်တစ်ဦး ထပ်မံခုန်ချခြင်းဖြစ်သည်။

”ကျွန်တော်တို့က မနေ့က ခုန်ချတဲ့တစ်ယောက်ကို တံတားဟောင်းဘက်မှာ ရှာနေကြတာပေါ့။ အဲ့ဒီ ချိန်မှာ တံတားသစ်ပေါ်ကနေ ခုန်ချတာကို လှမ်းမြင်လိုက်ကြတာပေါ့။ အဲ့ဒါကို ကျွန်တော်တို့ဘက်က လှေနဲ့ ငါးဖမ်းလှေနဲ့ လိုက်ပြီးဆယ်လိုက်တော့ အသက်မီလိုက်တာပါ”ဟု ကိုစိုးမင်းဦးက ပြောသည်။
တံတားပေါ်မှ ခုန်ချခဲ့သည့် သီလရှင်ဆရာလေးသည် တိုင်းရင်းသူဖြစ်ပြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ခြေရှိ ခမည်းတော်ချောင် သီလရှင်ကျောင်းတွင် နေထိုင်ကာ I.B.E.C ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်တွင် နဝမတန်းတက်ရောက်နေသူဖြစ်ကြောင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်းမှ တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ရေမွမ်း၍ အမောဖောက်နေသည့်အတွက် စစ်ကိုင်းမြို့ ပြည့်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးထားပြီး အဆိုပါ သီလရှင်ဆရာလေးမှ ကျောင်းသို့ ပြန်မသွားချင်ကြောင်း ပြောဆိုနေပြီး မည်သည့်အတွက် ခုန်ချသည်ကိုမူ မသိရှိရသေးကြောင်း ကိုစိုးမင်းဦးက ဆိုသည်။
ယခုနှစ်အတွင်း စစ်ကိုင်းတံတားပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချကာ ကိုယ့်ကိုကိုယ်သတ်သေသူ (၅)ဦးရှိခဲ့ပြီး ယမန်နေ့က တံတားပေါ်မှ ခုတ်ချခဲ့သူကို ရှာဖွေနေဆဲဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်(၂၉)ရက်က မန္တလေးမြို့တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူတစ်ဦး စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်းခုန်ချကာ သတ်သေခဲ့သလို သြဂုတ်(၂)ရက်ကလည်း အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး ရတနာပုံတံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက စစ်ကိုင်းမြို့နေ အသက်လေးဆယ်နှင့် အသက်လေးနှစ်အရွယ် သားအဖနှစ်ဦး စစ်ကိုင်းတံတားပေါ်မှ မြစ်အတွင်း ခုန်ချသတ်သေခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်းမှ သတင်းရရှိသည်။
တံတားပေါ်မှ မြစ်အတွင်း ခုန်ချခဲ့သည့် သီလရှင်ဆရာလေးကို ကယ်ဆယ်နေစဉ်။ ဓါတ်ပုံ – အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ – စစ်ကိုင်း FB.
#Mandalay_Indepth_News
.