မောင်မင်းမော်၊စက်တင်ဘာ-၃၀
Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှု နှင့်ပတ်သက်၍ မြို့နယ်တရားရုံးမှ ပ,လပ်ခဲ့သော်လည်း ယင်းအမူကို မူလတရားရုံးတွင် ဆက်လက်စစ်ဆေးရန် မန္တလေးခရိုင် တရားရုံးမှ ယနေ့(စက်တင်ဘာ၃၀)တွင် အမိန့်ချမှတ်ခဲ့သည်။
ကိုဆွေဝင်းကို တရားစွဲဆိုထားမူနှင့် ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှ ပ,လပ်ခဲ့သည့်အပေါ် တရားလိုက ရာဇဝတ်ပြင်ဆင်ချက် တက်ခဲ့ရာ မန္တလေးခရိုင် တရားရုံးမှ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များ ကြားနာပြီးနောက် အမူကို မူလတရားရုံးတွင် ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ ရှေ့နေ ဦးဇော်ဝိတ်က ပြောသည်။
“ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ် ၂၅၃(၂)အရ လွှတ်လိုက်တာကတော့ ဥပဒေအရ မှန်ကန်မှုမရှိဘူးပေါ့။ ဒါကြောင့် မူလ မြို့နယ်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပြီးတော့မှ မူလ ရုံးမှာ ပြန်ပြီးတော့မှ ဆက်လက်စစ်ဆေးဖို့ အမိန့်ချလိုက်တာပါ”ဟု ဦးဇော်ဝိတ်က ပြောသည်။

သတင်းသမား ကိုဆွေဝင်းသည် ဖေ့စ်ဘွတ်ခ်လူမူကွန်ယက် အသုံးပြု၍ ဦးဝီရသူအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သည်ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် ဦးဝီရသူ၏ တပည့် ဦးကျော်မျိုးရွှေက ရဲစခန်းသို့ အမူဖွင့်တိုင်ကြားခဲ့ပြီး ၂၀၁၇မတ်လတွင် မဟာအောင်မြေမြို့နယ် တရားရုံး၌ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမူနှင့်ပတ်သက်၍ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် (၂)နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ပြီးခဲ့သည့် ဇူလိုင်(၂)ရက်တွင် မြို့နယ်တရားရုံးမှ အမူကို ပ,လပ်ခဲ့သည်။ ကိုဆွေဝင်းကို တရားစွဲဆိုထားမူတွင် အဓိကတရားလိုပြ သက်သေများဖြစ်သည့် ဦးဝီရသူနှင့် ရဲအုပ်ကျော်သူတို့သည် တရားရုံးမှ အကြိမ်ကြိမ်ဆင့်ခေါ်သော်လည်း လာရောက်ထွက်ဆိုခြင်း မရှိသည့်အတွက် အမှုကို ရပ်စဲ ပယ်ဖျက်ပေးရန် ကိုဆွေဝင်း၏ ရှေ့နေက တရားရုံးသို့ လျှောက်ထားခဲ့ပြီးနောက် မြို့နယ်တရားရုံးမှ အမူကို ပ,လပ်ခဲ့ခြင်း ဖြစ်သည်။
ကိုဆွေဝင်းကို တရားစွဲဆိုထားမူနှင့်ပတ်သက်၍ အဓိက တရားလိုပြသက်သေများဖြစ်သည့် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူမှာ လက်ရှိတွင် ဝရမ်းပြေးဖြစ်နေသလို ရဲအုပ်ကျော်သူမှာလည်း အဂတိလိုက်စားမူ အမူနှစ်မူဖြင့် အမူဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်လျှက် ရှိသည်။

မဟာအောင်မြေမြို့နယ် တရားရုံးမှအဆိုပါ အမှုကို ပလပ်လိုက်သည့်အပေါ် တရားလို ဦးကျော်မျိုးရွှေက မကျေနပ်ဟုဆိုကာ ပြီးခဲ့သည့် သြဂုတ်(၂၆)ရက်တွင် မန္တလေးခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်လက်တင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ရာဇဝတ်ပြင်ဆင်ချက် တက်ခဲ့သည့်အပေါ် ခရိုင်တရားရုံးမှ အမှုကို လက်ခံပြီး မူလတရားရုံးတွင် ဆက်လက်စစ်ဆေးရန် အမိန့်ချခြင်းဖြစ်ကြောင်း တရားလို ဦးကျော်မျိုးရွှေ၏ ရှေ့နေ ဦးဇော်ဝိတ်က ဆိုသည်။