ယခုနှစ် သီတင်းကျွတ်လပြည့်ညတွင် ထိခိုက်ပွန်းပဲ့ ဒဏ်ရာရကာ မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၆)ဦးရှိဟုဆို
အမ်တီ၊ အောက်တိုဘာ-၁၄
သီတင်းကျွတ်လပြည့်ညက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်အနီးတွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက Mandalay In-depth news သို့ ပြောသည်။
ယနေ့ (အောက်တိုဘာ၁၄ရက်) နံနက်(၃)နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ နယ်မြေအတွင်း ည့ဉ့်နက်လှည့်ကင်း ဆောင်ရွက်နေချိန် ချမ်းအေးသာစံမြို့နယ် ၇၄လမ်းနှင့် ၃၁လမ်းဆုံအနီးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းရ၍ သွားရောက် စစ်ဆေးခဲ့ရာ မှောက်လျှက်အနေ အထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးနေသူ အမျိုးသား၏ ဘောင်းဘီအိတ်တွင်းမှ IPhone8 အမျိုးအစား ဖုံးတစ်လုံးနှင့် ဝေဖြိုးနိုင်အမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခုကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဝဲရင်ဘတ် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောတွင် ပြတ်ရှဒဏ်ရာ လေးချက်၊ ဂုတ်ပိုးတွင်ထိုးသွင်း ဒဏ်ရာနှစ်ချက် ရရှိကာ သေဆုံးနေခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်းတွင် (ပ)၆၈၇/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယခုနှစ် သီတင်းကျွတ်လပြည့်ညတွင် ယာဉ်တိုက်မူ၊ ခိုက်ရန်ဖြစ်ပွားမူကဲ့သို့ ဖြစ်စဉ်များကြောင့် ထိခိုက်ပွန်းပဲ့ အသေးစား ဒဏ်ရာများဖြင့် မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာသူ (၆)ဦး ရှိခဲ့သော်လည်း အဖွင့်သည့် ဖြစ်စဉ်မရှိဟု ဆေးရုံ တာဝန်ရှိသူတစ်ဦးက Mandalay In-depth news သို့ ပြောသည်။
မန္တလေး ဆေးကျောင်းအနီး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားကို တွေ့ရစဉ်။ ဓါတ်ပုံ – Supply.