ထက်ဘုန်းခေါင်၊ မတ်-၁၃
ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို အိမ်အပြင် မထွက်စေဘဲ (၁၄)ရက်ကြာ နေအိမ်အတွင်း နေထိုင်စေကာ ကျန်းမာရေး အခြေအနေ စောင့်ကြည့်ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများသို့ အကြောင်းကြားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။
“နိုင်ငံခြား တိုင်းပြည်ကနေ ပြန်လာတဲ့ လုပ်သားတွေ ရှိပါတယ်။ အဲဒီလုပ်သားတွေက အိမ်မှာကိုယ့်ဟာကို ၁၄ ရက်နေထိုင်ပြီးတော့ ထူးခြားတဲ့ ကျန်းမာရေးအခြေအနေ ဖြစ်ပေါ်လာရင် အနီးဆုံး ဆေးရုံ၊ ဆေးပေးခန်းကို သတင်းပေးဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြောင်းကြားပြီး ဆောင်ရွက်စေမှာ ဖြစ်တယ်” ဟု ဦးဇာနည်အောင်က ပြောသည်။
မတ်လ(၁၂)ရက်က ကျင်းပခဲ့သည့် မန္တလေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်တော်ပြန် အလုပ်သမားများအပါအဝင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို ကျန်းမာရေးအခြေအနေ စောင့်ကြည့်ရန် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိအချိန်ထိ မန္တလေးတိုင်း အပါအဝင် မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါပိုး ကူးစက်ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မန္တလေးတိုင်းအတွင်း Covid-19 ရောဂါ စောင့်ကြည့်လူနာများ တွေ့ရှိပါက ယခင်ကကဲ့သို့ တိုင်း၊ခရိုင်ကျော်၍ မန္တလေးမြို့သို့ သယ်ဆောင်စေခြင်း မပြုရန်အတွက်လည်း ဆုံးဖြတ်ထားပြီး ခရိုင်၊မြို့နယ် ဆေးရုံများတွင် သီးသန့်စောင့်ကြည့်ခန်းများ ပြင်ဆင်ထားသည်ဟု ဦးဇာနည်အောင်က ဆိုသည်။
“အဓိကတော့ လမ်းကြောင်းနဲ့ Contact တွေ နည်းသွားအောင်ပါ။ အရင်က လုပ်ဆောင်တာတွေ အားလုံးသိမှာပါ။ မိတ္ထီလာကနေ ကားနဲ့ပို့ရင် ကားကအစ သူ့ကိုသယ်လာတဲ့သူတွေကအစ ဆရာဝန်တွေအထိ ထိတွေ့ဆက်ဆံရတယ်။ တတ်နိုင်သမျှ လမ်းကြောင်းတွေကို တိုတောင်းအောင်လုပ်ဖို့ပါ။ ဒီအတွက်လည်း ဆေးရုံတွေမှာ လိုတာတွေကို စီစဉ်ပေးနိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် အဆိုပါ ဆေးရုံများအတွက် PPE အကာအကွယ်ဝတ်စုံများ လိုအပ်ပါက ပြည်ထောင်စုအစိုးရထံ တင်ပြ၍ ဆောင်ရွက်မည်ဖြစ်ပြီး လက်ဆေးရည်များ၊ surgical mask (နှာခေါင်းစည်း) များကိုလည်း တိုင်းအစိုးရက ရသလောက် စုဆောင်း၍ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောသည်။

မန္တလေးမြို့ ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံ/ Photo – ZMT.
.
#Mandalay_Indepth_News