အခါတော်ပေး၍ သမီးထံမှ မုန့်ဖိုးတောင်းကာ ထီထိုးရာမှ ထီပေါက်ခြင်းဖြစ်
Mandalay In-depth News၊ အောက်တိုဘာ-၁
အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကို မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်နေ ဖြိုးရည်နန္ဒာ ကားဝပ်ရှော့မိသားစုမှ ဆွတ်ခူးခဲ့သည်။
“ထီဖွင့်တာကို ဝိုင်ဖိုင်ဖွင့်ပြီး ကြည့်နေကြတာပေါ့။ ကျွန်တော်တို့လက်မှတ်က ပေါက်သွားတော့ ဝမ်းသာလုံးဆို့ပြီး အကုန်လုံး ငိုကြတာ”ဟု (၈)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ထီဆုရှင် ဦးစိုးနိုင်က ပြောသည်။
၎င်းတို့မိသားစုအနေဖြင့် လစဉ် ကျပ်ငါးသိန်းဖိုးခန့် ထီထိုးသူဖြစ်ပြီး ယခုအကြိမ်တွင် မိတ်ဆွေတစ်ဦးမှ ထီထိုးရန် အခါတော်ပေး၍ သမီးဖြစ်သူထံမှ ငွေတောင်းကာ ထီထိုးရာမှ သိန်းတစ်သောင်းခွဲထီဆု ပေါက်ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။
“လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတွေနဲ့ ထိုင်နေတုန်း အခါတော်ပေးသူငယ်ချင်းတစ်ယောက်က ခဗျားမှာ တနင်္ဂနွေသမီးရှိလား၊ တနင်္ဂနွေသမီးရှိရင် ပိုက်ဆံမရှိတဲ့သဘောနဲ့ မုန့်ဖိုးငါးရာတောင်းပြီး သုံးအစ တစ်အပိတ် ထီထိုးပါလို့ ပြောလို့ သမီးဆီက မုန့်ဖိုးတောင်းပြီး ငါးစောင်တွဲ ထိုးတာကနေ ပေါက်တာပါ”ဟု ထီဆုရှင် ဦးစိုးနိုင်က ပြောသည်။

ယနေ့ (အောက်တိုဘာ၁ရက်) ဖွင့်လှစ်သည့် (၈)ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲထီဆု ပေါက်ဂဏန်းမှာ “ ဓ ၃၄၁၆၁၁” ဖြစ်ပြီး မိတ္ထီလာမြို့ ဒိုးကလေးထီဆိုင်တွင် ထီထိုးခဲ့သည့် ဦးစိုးနိုင် မိသားစုမှ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
ထီဆုကြေးငွေများဖြင့် ရွာတရားရိပ်သာအတွက် လှူဒါန်းမည်ဖြစ်ပြီး ၎င်းတို့မိသားစုအနေဖြင့်မူ ကားဝပ်ရှော့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည်ဟု ဦးစိုးနိုင်က ဆိုသည်။
ကျပ်သိန်းတစ်သောင်းခွဲ ထီဆုရှင် မိသားစု။ ဓါတ်ပုံ – သန်းဝင်းလှိုင် FB.
#Mandalay_Indepth_News
.