ဘုန်းနေ၊ နိုဝင်ဘာ-၂၂
သွေးကင်ဆာရောဂါ ခံစားနေရသော ပါတီ ဒု-ဥက္ကဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ရောဂါ သက်သာပျောက်ကင်းကာ မူလရာထူး၊တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က Mandalay In-depth news သို့ ပြောသည်။
“ဆရာဇော့် အတွက် အလွန်အမင်း စိုးရိမ်မှု မဖြစ်ကြဖို့ ပြောပြချင်ပါတယ်။ ဆရာဇော်လည်း ဆေးကုသမှု ခံယူပြီးရင် ပြန်လည်ကျန်းမာလာဦးမယ် ဆိုတာကိုတော့ တော်တော်လေးကို ပြောနိုင်ပါတယ်။ အဲ့ဒီ (ဝန်ကြီးချုပ် အဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ဖို့) အထိကို ကျွန်တော်တို့ မျှော်လင့်ပါတယ်ခဗျ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် နာတာရှည် သွေးကင်ဆာရောဂါ ခံစားနေရသော်လည်း ဆေးကုသမှုအပိုင်းများ ပြီးစီးလုနီးပါး ဖြစ်သည်ဟု သိရှိထားကြောင်း ၎င်းက ဆိုသည်။
ရောဂါအခြေအနေအရ ဒေါက်တာဇော်မြင့်မောင် ကာလကြာရှည် အနားယူရမည်ဆိုလျှင်လည်း ရာထူး၊တာဝန်များ လွှဲပြောင်းနိုင်ရန် ပါတီအနေဖြင့် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
“ကျွန်တော်တို့ကတော့ အခုတင်ကိုက စီစဉ်ထားပြီးသားဖြစ်ပါတယ်ခဗျ။ အခုလောလောဆယ် ဝန်ကြီးချုပ်တာဝန်ကို လွှဲယူဖို့အတွက်လည်း ကျွန်တော်တို့ စီစဉ်ထားပါတယ်။ နောက် အဆက်ဆက် တာဝန်ကို ဆင့်ဆင့် တာဝန်ခံပြီး ယူသွားဖို့လည်း ကျွန်တော်တို့ ပြင်ဆင်ထားပြီးသားပါ” ဟု ဒေါက်တာမျိုးညွန့်က Mandalay In-depth News သို့ ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ယာယီ တာဝန်ယူထားသည်။
ထို့အပြင် ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံသို့ သွားရောက်ဆေးဝါးကုသမှု ခံယူပြီး ရက်ပိုင်းအကြာ အောက်တိုဘာ(၂၉)ရက်တွင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ မကွေးတိုင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် (၃)အဖြစ် ခန့်အပ်ကြောင်း ဒီချုပ်ပါတီက ထုတ်ပြန် ကြေညာခဲ့သည်။
အသက်(၆၈)နှစ်အရွယ် ဒေါက်တာဇော်မြင့်မောင်သည် ပြီးခဲ့သည့် အောက်တိုဘာ(၂၄)ရက် နောက်ပိုင်းကတည်းက ထိုင်းနိုင်ငံသို့ သွားရောက်ကာ ဆေးဝါးကုသမှု ခံယူနေရသည်။

၁၉၉၀ မှစတင်ကာ နှစ်(၂၀)နီးပါးကြာ အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်သော ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံသို့ သွားရောက်ကုသခြင်း မပြုမီအချိန်ကတည်းက သွေးသွင်းကာ ဆေးဝါးကုသမှု ခံယူနေရသည်ဟု သတင်းများထွက်ပေါ်နေခဲ့သည်။ သို့သော် ပါတီနှင့် အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။ နိုဝင်ဘာ(၂၁)ရက်တွင်မှ ဒေါက်တာဇော်မြင့်မောင် အနေဖြင့် နာတာရှည်သွေးကင်ဆာ ရောဂါ ခံစားနေရကြောင်း ပါတီက အတည်ပြုခဲ့သည်။
“ဆရာကတော့ သူ့အတွက် ပြည်သူတွေမှာ စိတ်သောက ရောက်မှာစိုးလို့ ဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် မပြောချင်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။
လက်ရှိတွင်မူ ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေပြီဟု ၎င်းက ဆိုသည်။ သို့သော် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခြင်း ရှိ၊မရှိ မသိရှိရသေးဘဲ ဆေးကုသမှုအပိုင်းများ ပြီးစီးချိန်တွင်လည်း ဧည့်တွေ့ရန်ထက် အနားယူရဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။