မန္တလေးတိုင်း (၈)မြို့နယ်တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်

ကိုနေကို၊ နိုဝင်ဘာ-၁

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၈)မြို့နယ်တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါများ စိစစ်နေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

မြို့နယ်(၈)မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦး (၁၂)လုံး တည်ဆောက်မည်ဖြစ်ပြီး ညောင်ဦးမြို့နယ်တွင် (၃)လုံး၊ ချမ်းမြသာစည်နှင့် စဉ့်ကူးမြို့နယ်တို့တွင် (၂)လုံးစီ၊ မလှိုင်၊ ရမည်းသင်း၊ မတ္တရာ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့တွင် အိမ်ရာ (၁)လုံးစီ တည်ဆောက်မည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် အဆောက်အဦးများ ဆောက်လုပ်ရန် တင်ဒါခေါ်ယူပြီးဖြစ်ကြောင်း ဦးသက်နိုင်က ဆိုသည်။

“ဝန်ထမ်းတွေအတွက် အငှားအိမ်ရာပါ။ နိုဝင်ဘာလ အတွင်းမှာ တင်ဒါအောင်မြင်တဲ့ သူတွေကို ရွေးချယ်သွားမယ်။ လုပ်ငန်းအပ်နှံပြီးတာနဲ့ စဆောက်မယ်။ ဘဏ္ဍာနှစ် မကုန်ဆုံးခင် လာမယ့် စက်တင်ဘာလ  မတိုင်ခင်မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများသည် (၄)ခန်းတွဲ၊ (၄)ထပ် အဆောက်အဦးများ ဖြစ်ပြီး  အခန်းအကျယ် စတုရန်းပေ(၆၅၀) ရှိမည်ဟု ဆိုသည်။

မန္တလေးမြို့ပေါ်တွင် ဆောက်လုပ်ထားသည့် ဝန်ထမ်းအိမ်ယာများ။ Photo – The Mirror.

အဆိုပါ ဝန်ထမ်းအိမ်ယာ အဆောက်အဦး (၁၂)လုံး၊ တိုက်ခန်း (၁၉၂)ခန်း အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၇၀၀)ဖြင့် တည်ဆောက်ခြင်းဖြစ်သည်ဟု ဦးသက်နိုင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းအတွင်းရှိ နိုင်ငံဝန်ထမ်းများအတွက် တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဝန်ထမ်းအိမ်ရာ အခန်း(၅၉၀) ခန်းနှင့် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် အခန်း(၂၄၀) တည်ဆောက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ထားသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်