မန္တလေးတွင် တက္ကစီသမားများက ခရီးသည်ကို အသက်အန္တရာယ်ခြိမ်းခြောက်ကာ ငွေတောင်းမူ (၁၀)ရက်အတွင်း နှစ်ကြိမ်ဖြစ်

အမ်တီ၊မောင်မင်းမော်၊ သြဂုတ်-၁၇

မန္တလေးမြို့တွင် ဆိုင်ကယ်နှင့် ကားတက္ကစီသမားများက ခရီးသည်များကို အသက်အန္တရာယ် ခြိမ်းခြောက်ကာ ငွေကြေးတောင်းခံမှု (၁၀)ရက်အတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

သြဂုတ်(၅)နှင့်(၁၅)ရက်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသူ ခုနှစ်ဦးကို ဖမ်ဆီးအရေးယူခဲ့ကြောင်း စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

သြဂုတ် (၁၅)ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်းသို့ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးကို အမည်မသိလူငယ်တစ်ဦးမှ ၎င်းသည် တက္ကစီသမားဖြစ်ကြောင်း ပြော၍ ငွေကျပ်လေးထောင်ဖြင့် ၄၁လမ်း၊ ၅၁လမ်းနှင့်၅၂လမ်းကြားသို့ လိုက်ပို့ပေးရန် သဘောတူခဲ့သည်။ ထို့နောက် ၆၂လမ်းနှင့် သိပ္ပံလမ်းအရောက်တွင် ကားရပ်ကာ  အဆိုပါယဉ်မောင်းနှင့် ကားပေါ်ပါ အခြားလူတစ်ဦးက ခရီးသည်ထံမှ ငွေကျပ် နှစ်သောင်းပေးရန် တောင်းယူပြီး ”မပေးနိုင်ရင် သေသွားမယ် မင့်ပစ္စည်းလည်း မပေးဘူး”ဟု ခြိမ်းခြောက်ငွေတောင်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ခြိမ်းခြောက်ငွေတောင်းသည့်အတွက် ခရီးသည်အမျိုးသားက ကျပ်တစ်သောင်းခွဲပေးခဲ့ပြီး ရဲစခန်းသို့ တိုင်ကြားရာမှ အဆိုပါ ခြိမ်းခြောက်ငွေတောင်းသူနှစ်ဦးကို ကျွဲဆည်ကန်ကားဝင်းအတွင်းမှပင် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းအမျိုးသားနှစ်ဦးကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ (ခြိမ်းခြောက်ငွေတောင်းမူ) ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း ၎င်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် သြဂုတ်(၅)ရက်ကလည်း ကန့်ဘလူမြို့မှ နေပြည်တော်သို့သွားရန် မန္တလေးမြို့သို့ ရောက်ရှိလာသည့် ခရီးသည်သုံးဦးထံမှ ဆိုင်ကယ်တက္ကစီသမားငါးဦးက ခြိမ်းခြောက်ငွေတောင်းယူမူ ဖြစ်ပွားခဲ့သေးသည်။ ယင်းဖြစ်စဉ်တွင်မူ ဆိုင်ကယ်တက္ကစီသမားများက ခရီးသည်အမျိုးသားသုံးဦးကို ခြိမ်းခြောက်ငွေတောင်းသလို တွန်းထိုးကန်ကျောက်သည်အထိ ဖြစ်ပွားခဲ့သည်။

မန္တလေးမြို့ သီရိမန္တလာကားကွင်းမှ ကျွဲဆည်ကန်ကားဝင်းသို့ လူတစ်ဦး(၂၀၀၀)ကျပ်နှုန်းဖြင့် ငှားစီးသည့်အပေါ် ဆိုင်ကယ်တက္ကစီသမားများက လမ်းတစ်ပြလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငွေကျပ်သုံးသောင်းကျော် ခြိမ်းခြောက်တောင်းခံခဲ့ခြင်းဖြစ်သည်။ ထို့နောက် လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာမှ ဖြစ်စဉ်ပြောပြတိုင်ကြားသဖြင့် ဆိုင်ကယ်တက္ကစီသမား(၅)ဦးကို ချမ်းအေးသာစံမြို့နယ် အမျတ်(၈)ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆/၁၁၄ (ခြိမ်းခြောက်ငွေတောင်းမူ၊ ပူးပေါင်းမူ)ဖြင့် ဖမ်းဆီးအမူဖွင့်ခဲ့သည်။

အဆိုပါ ဆိုင်ကယ်တက္ကစီသမား(၅)ဦး၏ ခြိမ်းခြောက်ငွေတောင်းမူတွင် ကားလက်မှတ်အရောင်းဌာနတစ်ခု ပါဝင်ပတ်သက်သည်ဟုဆိုကာ ယင်းကားလက်မှတ် အရောင်းဌာနကို စည်ပင်သာယာဥပဒေဖြင့် အရေးယူကာ လိုင်စင်ပိတ်သိမ်းခဲ့သည်ဟု စည်ပင်သာယာရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

မန္တလေးမြို့တွင် ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းမူများ မကြာခန ဖြစ်ပွားနေရာ ဆိုင်ကယ်နှင့် ကားတက္ကစီများ ငှားရမ်းအသုံးပြုမည်ဆိုပါက စည်ပင်အသိအမှတ်ပြု တက္ကစီမောင်းနှင်သူများကိုသာ ငှားရမ်းကြရန်နှင့် အဆင်မပြေမူများ ရှိပါက ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကို ကားဝင်းများတွင် အသိပေးကြေညာထားသည်ဟု ရဲမှူးငြိမ်းချမ်းအောင်က ဆိုသည်။

ခရီးသည်ထံမှ ခြိမ်းခြောက်ငွေတောင်းသူများ။ ဓါတ်ပုံ – အမ်တီ၊ ရဲတပ်ဖွဲ့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်