အဂတိမူဖြင့် တရားစွဲခံရပြီး ထွက်ပြေးနေသည့် မန္တလေး အမှတ်(၃)ရဲစခန်းမှ ဒု-ရဲအုပ် လာရောက်အဖမ်းခံ

အမ်တီ၊ သြဂုတ်-၁၉

အဂတိလိုက်စားမူဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်းမှ ဒု-ရဲအုပ် ကျော်နိုင်ဦးသည် ယနေ့(သြဂုတ်၁၉)တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့ အမှတ်(၃)ရဲစခန်းတွင် အမူစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒု-ရဲအုပ်ကျော်နိုင်ဦးသည် ဇွန်(၂၅)ရက်တွင် အဂတိလိုက်စားမူဖြင့် အမူဖွင့်ခံရပြီးနောက် ထွက်ပြေး တိမ်းရှောင်လျှက် ရှိရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ ဖမ်းဝရမ်းထုတ်ထားသည်။

ဒု-ရဲအုပ် ကျော်နိုင်ဦးသည် သြဂုတ်(၁၉)ရက်တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ရာ စခန်းတွင်  ချုပ်နှောင်ထားပြီး တရားစွဲဆိုတင်ပို့နိုင်ရေး တရားလိုအဂတိကော်မရှင် တာဝန်ရှိသူထံ ဆက်သွယ်နေကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်းမှ စခန်းမှူးရဲအုပ်ကျော်သူနှင့်  ဒုရဲအုပ် ကျော်နိုင်ဦးတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားခဲ့သည်ဟုဆိုကာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမူဖွင့်ခံရပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခံထားရသည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၈အတွင်းက အဆိုပါရဲစခန်းတွင် ပုဒ်မ ၄၂၀(လိမ်လည်မူ)နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမူဖွင့်ခံရသူတစ်ဦးထံမှ  ရဲစခန်းအားမခံ ရရှိစေရန်နှင့် အမူအာမခံရရှိစေရန်အတွက် ငွေကျပ်(၂၆)သိန်းကျော် လက်ခံရယူခဲ့သလို အမူပိတ်သိမ်းနိုင်ရန်အတွက် ငွေကျပ်သိန်း(၁၀၀) တောင်းခံရယူရန် အားထုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းထုတ်ပြန်ထားသည်။

သို့သော် ယင်းအမူတွင်ပါဝင်သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်သူမှာမူ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ ရဲအုပ်ကျော်သူသည် အခြား အဂတိလိုက်စားမူ တစ်မူဖြင့်လည်း တရားစွဲဆိုခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသည်။

မန္တလေး အမှတ်(၃)ရဲစခန်း။ ဓါတ်ပုံ – အမ်တီ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်