မောင်မင်းမော်၊ စက်တင်ဘာ-၂
ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ကျပ်သိန်း(၄၀၀)ကျော် တန်ဖိုးရှိ ရွှေ၊ငွေနှင့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူထွက်ပြေးသည့် အိမ်အကူအမျိုးသမီးကို ရန်ကုန်မြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့တွင် နေထိုင်ပြီး ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာတွင် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်နေသည့် အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် သြဂုတ်(၂၈)ရက်က အိမ်ရှင်များ မရှိခိုက် ကျပ်သိန်းလေးရာကျော်တန်ဖိုးရှိ ရွှေ၊ငွေနှင့် လက်ဝတ်ရတနာ ပစ္စည်းများ ခိုးယူထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ခိုးယူထွက်ပြေးသည့် အမျိုးသမီးကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့ရာ သြဂုတ်(၃၁)ရက်တွင် ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
တောင်ဒဂုံမြို့နယ်၊ (၂၀)ရပ်ကွက်ရှိ အမှတ်(၂)ဈေးတွင် ကျောပိုးအိတ်တစ်လုံးဖြင့် မသင်္ကာဖွယ် အမျိုးသမီးတစ်ဦး တွေ့ရှိ၍ ခေါ်ယူစစ်ဆေးရာမှ ပြင်ဦးလွင်မြို့နယ် ပွဲကောက်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ ခိုးမှုဖြင့် ထွက်ပြေးနေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ဧရာဝန်နယ်မြေရဲကင်းစခန်းမှ ရဲအရာရှိက Mandalay In-depth News သို့ အတည်ပြု ပြောကြားသည်။
“မိပါတယ်ခင်ဗျ။ ဈေးထဲမှာ ခါးပိုက်နှိုက်တွေ ရှိလို့ လှည့်ကင်းဆောင်ရွက်နေတဲ့ အချိန်မှာ ကျောပိုးအိပ်တစ်လုံးနဲ့ တွေ့လို့ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့အခါမှာ ပိတ်ချင်းမြောင်းရဲစခန်းက အလိုရှိနေတဲ့သူဆိုတာ ပေါ်ပေါက်ခဲ့တာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ အမျိုးသမီးငယ်ကို ပြင်ဦးလွင်မြို့နယ်သို့ လွဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဒဂုံမြို့နယ် ဧရာဝန်နယ်မြေရဲကင်းစခန်းမှ ရဲအရာရှိက ပြောသည်။

၎င်း အိမ်အကူအမျိုးသမီးကို ရွေ၊ငွေနှင့် လက်ဝတ်ရတနာပစ္စည်းများ ခိုးယူထွက်ပြေးမူဖြင့် ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်ထားသည်။
ရွှေ၊ငွေနှင့် လက်ဝတ်ရတနာများ ခိုးယူခံရသည့် နေအိမ်။ ဓါတ်ပုံ – Supply.