သတင်း

တိုက်ပွဲပြင်းထန်နေသည့် မူဆယ် ၁၀၅ မိုင်တွင် အရပ်သား ၆ ဦးထက်မနည်း သေဆုံး

တရုတ်နယ်စပ် အကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲပြင်းထန်နေရာ ကလေးများအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကျင်စန်းကျော့ စစ်တပ်စခန်းနှင့် လုံခန်းတပ် စခန်းကုန်းတို့ကို တအာင်းတပ် (TNLA) နှင့် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်ရန် နိုဝင်ဘာ ၂၆ ကတည်းက ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

စစ်ရေးအရ အရေးပါသည့် ထိုစစ်ဗျူဟာကုန်းမကျစေရန် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တုံ့ပြန်တိုက်ခိုက်နေရာ ၅ ရက်တာတိုက်ပွဲများအတွင်း အရပ်သားထိခိုက်မှုများ ရှိကြောင်း အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေး ပရဟိတသမားတစ်ဦးက Myanmar Now ကို ပြောသည်။

“သေဆုံးတာကတော့ ၆ ယောက်လောက် သိတယ်။ ထိခိုက်ဒဏ်ရာရတာ အယောက် ၂၀ လောက်ရှိတယ်။ တချို့က သေးသေးမွှားမွှားကျတော့ သူတို့ဘာသာသူတို့ ကုသလိုက်တာရှိတယ်။ စာရင်းမဝင်လာတာလည်း ရှိတယ်။ တချို့က ဆေးရုံဆေးခန်း မအိပ်ချင်ဘူး။ (ထိခိုက်သေဆုံး) ဒီထက်များနိုင်ပါတယ်”

တိုက်ပွဲစတင်သည့်ရက် (နိုဝင်ဘာ ၂၆) မှာပင် ၁၀၅ မိုင်ကုန်ကားဝင်းအနီး ယာဉ်မောင်းတစ်ဦး၊ နောက်တစ်ရက်တွင် နို့စားနွားမွေးမြူရေးခြံမှ ကလေးငယ်နှစ်ဦး၊ ခြံလုပ်သား ဆယ်ကျော်သက်တစ်ဦး သေဆုံးသလို အခြားအရပ်သားနှစ်ဦးလည်း ထိခိုက်သေဆုံးကြောင်း ၎င်းက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း နွားခြံလုပ်ငန်းခွင်တွင် သေဆုံးသွားသူတို့မှာ ၇ နှစ်အရွယ် မောင်ဒူရကာဘာဒူး၊ ၁၀ နှစ်အရွယ် မောင်တိုင်ဗဟာဒူး (ခ) သော်ဇင်ခန့်နှင့် ၁၈ နှစ်အရွယ် ရိုဟန်တို့ ဖြစ်သည်။ အခြားသေဆုံးသူများ၏ အမည်နှင့် အသေးစိတ်အခြေအနေကို မသိရသေးပေ။

အလားတူ ယနေ့ နံနက်ကလည်း ထိုနွားခြံအတွင်း ဗုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး နွားခြောက်ကောင် သေဆုံးသွားကြောင်း ဆိုသည်။

“(နိုဝင်ဘာ၂၉ က) စစ်ရှောင်တွေက ဆိုင်ကယ်နဲ့ကားနဲ့ ထွက်လာတယ်။ မနက် ၉ နာရီ ၁၀ နာရီလောက်မှာ ထပ်ပစ်တယ်။ ပစ်တဲ့အတွက် တစ်ယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ ပြီးရင် ဂေါ်ရခါးကျောင်းထဲမှာလည်း ဂေါ်ရခါးတစ်ယောက် စနိုက်ပါနဲ့ အပစ်ခံရတာရှိတယ်” ဟု သူက ဆိုသည်။

နမ္မတူနွားခြံမှ ထိခိုက်သေဆုံးသူ ကလေး ၂ ဦး၏ ရုပ်အလောင်းများ။ (ဓာတ်ပုံ – Zayar Tun Ko P)

၁၀၅ မိုင်စစ်ဗျူဟာကုန်းသည် ကုန်သွယ်ရေးဇုန် အလယ်တည့်တည့်တွင် ရှိနေပြီး ဘေးပတ်ပတ်လည်တွင် ကုန်တင်ကားဝင်း၊ သစ်သီးဝလံကွင်းနှင့် ရွာများရှိသည်။ စစ်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်သလို လေကြောင်းမှ နေ့စဉ်ရက်ဆက်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲအကြား ပိတ်မိနေသူ ၅၀၀ မှ ၁,၀၀၀ ကြား ရှိနိုင်ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။

၁၀၅ မိုင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ထားရာ ဒေသခံတို့ ဆက်သွယ်ရေး ခက်ခဲနေသည်။

ကုန်သွယ်ရေးဇုန်အနောက်ဘက် ၆ မိုင်ဝန်းကျင်သာ ဝေးသည့် မူဆယ်မြို့ပေါ်တွင် တိုက်ပွဲများငြိမ်နေပြီး ဒေသခံများ သွားလာလှုပ်ရှားမှုများရှိနေသည်။

လက်ရှိတွင် ၁၀၅ မိုင်၌ ပိတ်မိနေသူများကို မူဆယ်အခြေစိုက် ပရဟိတအဖွဲ့ ၁၀ ဖွဲ့ဝန်းကျင်ခန့်က ကယ်ထုတ်နိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

ယနေ့ နံနက်တွင် ပိတ်မိနေသူ ၂၀၀ ဝန်းကျင်ကို မူဆယ်မြို့သို့ ပို့ဆောင်ပေးခဲ့ကာ ဆက်လက်ကူညီကယ်ဆယ်နေကြောင်း၊ အချို့မှာ ဗုံးခိုကျင်းများ၊ ကွန်ကရစ်တိုက်များအတွင်း ဆက်လက်နေထိုင်ရန် စီစဉ်ထားသူများရှိကြောင်း ကူညီကယ်ဆယ်သူများက ယနေ့နံနက်က ပြောထားကြသည်။

ဤအတောအတွင်း စစ်တပ်၏ ဗျူဟာကုန်း ကျပါက မူဆယ်မြို့ကို ဆက်လက်သိမ်းပိုက်ရန် အလားအလာကောင်းသွားပြီဖြစ်သဖြင့် ညီနောင်မဟာမိတ်များက ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း၊ စစ်တပ်ဘက်ကလည်း အစွမ်းကုန်ခုခံနေကြောင်း အမည် မဖော်လိုသည် ဒေသခံစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ၁၀၅ မိုင်ရွာမကြီး၏ နယ်မြေ ၃ ၊ နယ်မြေ ၄ အပါအဝင်  ဆက်စပ်နေသည့် နမ့်ဝယ်ကျေးရွာတို့တွင် အဆောက်အအုံနှင့် လူထိခိုက်မှုအများဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။ 

၁၀၅ မိုင် စာသင်ကျောင်းနှင့် မီးသတ်ရုံလည်း “ရစရာမရှိအောင်” ပျက်စီးသွားကြောင်း သူက ဆိုသည်။

တိုက်ပွဲကြောင့် ထိခိုက်မှုအလွန်များပြားနေသော်လည်း ဒဏ်ရာပြင်းထန်သူများကို တရုတ်ဘက်အခြမ်း ရွှေလီဆေးရုံသို့ ပို့ဆောင်ပေးမှုများရှိပြီး တရုတ်ဘက်က နယ်စပ်ဝင်ထွက်ခွင့်ကို လွယ်လွယ်ကူကူခွင့်ပြုကြောင်း သိရသည်။

“ကုလို့ရတဲ့အနေအထားလောက်ဆိုရင်တော့ မူဆယ်ဆေးရုံမှာပေါ့။ လုံးဝ ကုလို့မရတဲ့အခြေအနေဆိုရင် ရွှေလီဆေးရုံထဲ တိုက်ရိုက်ပြေးရတာပေါ့။ တရုတ်ကလည်း ရွှေလီဆေးရုံကို အရေးပေါ်ကားတွေကျတော့ တန်းဝင်ခွင့်ပေးတာပေါ့” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယခုနှစ်အတွင်း တွေ့ရသော TNLA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ဒေသ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ သိန္နီ၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ ပန်ဆိုင်း၊ မုံးကိုး အစရှိသည့် မြိုများတွင် တိုက်ပွဲများပြင်းထန်နေသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံးရသည်ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“တောက်လျှောက် တစ်ကြောလုံးဖြစ်နေတာဗျ၊ ကျွန်တော်တို့က အကုန်ဆက်စပ်နေတဲ့အခါကျတော့လေ။ တိုက်ပွဲတွေက နေ့စဉ်လိုလို ပြင်းထန်နေတယ်။ ညလည်း ဗုံးကြဲ၊ မနက်နဲ့ ညလည်း လက်နက်ကြီးတွေနဲ့ ထုဆိုတော့ သေဆုံးမှုတွေက တော်တော်မြင့်တက်လာတယ်” ဟု ၎င်းက ဆိုသည်။

၁၀၅ မိုင်အနီးတိုက်ပွဲများတွင် စစ်သည်အင်အား အကန့်အသတ်ရှိသည့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကို အားပြုနေပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ တရစပ်ပစ်ခတ်နေသည်ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် မြေပြင်အချက်အချာကျသည့် နေရာအများအပြားကို လက်လွှတ်ထားရကြောင်း၊ လက်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မူဆယ်မြို့ပေါ်တွင် မြို့နယ်စုပေါင်းရုံး၊ ရဲစခန်းနှင့် ခရိုင်အားကစားကွင်း စသည့် နေရာတို့တွင် အခိုင်အမာစစ်ပြင်ထားကာ အဝင်အထွက်များကို တင်းကျပ်ထားကြောင်း ၎င်းက ပြောသည်။

မူဆယ်ထိုးစစ်သည် ၁၀၂၇ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီစခန်းကုန်းများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောထားသည်။

“မူဆယ်မှာတော့ စခန်းကုန်းအကြီးကတော့ တစ်ခုရှိတယ်။ စခန်းအသေးတွေလည်း ရှိတယ်။ စခန်းတိုင်းကတော့ အကုန်လုံးအရေးပါပါတယ်။ အရေးပါလို့ပဲ ဒီစခန်းတွေကို ကျွန်တော်တို့က လိုက်လံ ရှင်းလင်းနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ပြောဆိုသော်လည်း အသေးစိတ်ထုတ်ပြောခြင်းမရှိပေ။

အခြားဒေသများကဲ့သို့ပင် တိုက်ပွဲအခြေအနေနှင့် ဒေသခံတို့ ထိခိုက်မှုအကြောင်းကို သတင်းအမှောင်ချထားသည်။

တရုတ်နယ်စပ်မှ ဒုတိယအကြီးဆုံး ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားရာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို TNLA ကသာ ထိန်းချုပ်နိုင်ခဲ့ပါက တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံး မြောက်ပိုင်းမဟာမိတ်တပ်များ၏ ထိန်းချုပ်မှုအောက် ရောက်သွားမည် ဖြစ်သည်။

မိုင်ပေါင်း ၁၃၀၀ ကျော် နယ်မြေထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခုရှိသော်လည်း မူဆယ်၊ ချင်းရွှေဟော်တို့က အဓိကနေရာများဖြစ်သည်။

မူဆယ်နှင့် ချင်းရွှေဟော် နှစ်ခုပေါင်းပါက ကန်ဒေါ်လာသန်းပေါင်း ၂၁၈၆ အထိ ရှိမည်ဖြစ်ပြီး ၂၀၂၃ ဧပြီလမှ အောက်တိုဘာလအထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုအားလုံး၏ ၉၅ ရာခိုင်နှုန်းအထိ ရှိသည်။

တိုက်ပွဲကြောင့် ၁၀၅ မိုင် ကားကြီးဝင်းအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး စားသောက်ဆိုင်များ၊ မော်တော်ယာဉ်များနှင့် ဟိုတယ်တချို့ ပျက်စီးသွားသည်၊ နိုဝင်ဘာ ၂၃  တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရသောကြောင့် ကျင်စန်းကျော့ဂိတ် ဆဲဗင်းဟွာကျင်း ကုန်တင်ကားဝင်း မီးလောင်မှုတွင် ကားအစီးရေ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။

Show More

Related Articles

Back to top button